ယခင်တစ်ပတ်မှအဆက်
    တရုတ်နိုင်ငံ၏ ထင်ရှားသည့် ယန်စီမြစ်ကြီးသို့ ဟန်မြစ်စီးဝင်ရာ မြစ်ဆုံတွင် ဝူဟန်မြို့ တည်ရှိနေသဖြင့် မြို့တွင်း၌ ယန်စီမြစ်ကူး တံတား ၁၁ စင်း ရှိ၍ ယင်းတို့ အနက်တစ်စင်းမှာ တည်ဆောက်ဆဲဖြစ်သည်။ ထို့ပြင် ဟန်မြစ်ကူးတံတားများလည်း ရှိပါသည်။ ဝူဟန်မြို့၏ ပထမဆုံး ယန်စီမြစ်ကူးတံတားကြီးသည် နှစ်ထပ်တံတားကြီး ဖြစ်၍ ၁၉၅၇ခုနှစ်ကပင် ဖွင့်လှစ်ခဲ့သည်။ ပင်မတံတား အရှည် ၃၇၉၃ပေ နှင့် ချဉ်းကပ် လမ်းအပါအဝင် ၅၄၈၀ ပေရှည်သည့် ယင်းတံတားကြီးတွင် အပေါ်ကကားလမ်းမှာ ၇၄ပေကျယ်၍ အောက်မှ ၅၉ပေကျယ်သည့် ရထားလမ်းမှာ အသွားအပြန်နှစ်လမ်း ဖြစ်သည်။ ဒုတိယယန်စီမြစ်ကူးတံတားကြီးက ကြိုးတံတားဖြစ်၍ ပင်မတံတားအရှည် ၆၁၅၅ ပေရှိပြီး ၈၅ပေကျယ်သည့် ခြောက်လမ်းသွားကားလမ်း ပါရှိကာ ၁၉၉၅ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် ယန်စီမြစ်ဖြတ် ရေအောက်ဥမင်တစ်ခုလည်း ရှိပါသည်။ မြေ အောက်ရထားလမ်းလည်းရှိ၍ လိုင်းလေးခုဖြင့် ပြေးဆွဲလျက်ရှိသည်။
ဝူဟန်မြို့ပြစီမံကိန်းပြခန်းဆောင်ကြီးသို့လည်း စာရေးသူတို့ သွားရောက်လေ့ လာခဲ့ကြရာ ရှေးခေတ် ဝူဟန်မြို့တည်နေပုံ၊ လက်ရှိမြို့ပြဧရိယာအနေအထားနှင့် အနာဂတ်ကာလအတွက် မြို့ပြစီမံကိန်းနှင့် ထပ်မံတည်ဆောက်မည့် ခေတ်မီ အဆောက်အအုံကြီးများကို ပြသထားသည်မှာ လွန်စွာစိတ်ဝင်စားစရာကောင်း လှပါသည်။ လက်ရှိအနေအထားအရ ဝူဟန်မြို့တွင် ၁၄၃၇ပေမြင့်သည့် ဝူဟန်စင် တာက အမြင့်ဆုံးအဆောက်အအုံဖြစ်နေသော်လည်း ဆောက်လုပ်ဆဲ Wuhan Greenland Center က ၂၀၈၇ပေ မြင့်၍ မကြာမီပြီးစီးတော့မည်ဖြစ်သည်။ ပို၍စိတ်ဝင်စားစရာကောင်းလှသည်မှာ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံဖြစ်လာ နိုင်သည့် တစ်ကီလိုမီတာ (၀.၆မိုင်ကျော်) (၃၃၀၀ပေ) မြင့်မည်ဖြစ်၍ အဆောက် အအုံနှစ်ခုပါသော Phoenix Towers ကို ဝူဟန်မြို့တွင် ၂၀၁၇ခုနှစ်၌ဆောက်လုပ်၍ ၂၀၁၈ခုနှစ်တွင် ပြီးစီးကာ ၂၀၁၉ခုနှစ်၌ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိပါသည်။ ယင်း ဆောက်လုပ်ရေးအတွက် အစိုးရ၏ နောက်ဆုံးသဘောတူညီချက်ရရှိရန်သာလို တော့ကြောင်းသိရသည်။ ယင်းမှာ သစ္စာရှိခြင်းကို ကိုယ်စားပြုသည့် တရုတ်ဒဏ္ဍာရီလာ ပြန်လည်ရှင်သန်ခြင်းငှက်မောင်နှံ Feng နှင့် Huang မျှော်စင်နှစ်ခုဖြစ်ပြီး Feng မျှော်စင်တွင် အထပ်၁၀ဝခန့် ပါဝင်မည်ဖြစ်ပြီး ïထက်နိမ့်မည့် Huang မျှော်စင် တွင်ကမ္ဘာ့အမြင့်ဆုံးဥယျာဉ်တည်ရှိမည်ဖြစ်သည်။ ဝူဟန်မြို့ရှိ ရေအိုင်ကြီးထဲက ကျွန်းငယ်ပေါ်တွင် ၁၇ဧကကျယ်ဝန်းသည့် မြေပေါ်၌ ဗြိတိန်အခြေစိုက် ဗိသုကာ အဖွဲ့၏ ဆန်းသစ်သည့်ပုံစံဖြင့် တည်ဆောက်မည်ဖြစ်သည့် ယင်းအဆောက်အအုံ များ၌ နေရောင်ခြည်နှင့် လေစွမ်းအင်တို့အပါအဝင် ပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင် စနစ်များကို အသုံးပြုမည်ဖြစ်ကြောင်းလည်းသိရပါသည်။ လက်ရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်သည့် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့က Burj Khalifa  ထက် ၅၆၄ပေ ပိုမြင့်မည်ဖြစ်ရာ Phoenix Towers အချိန်မီ ဆောက်လုပ်ပြီးစီးပါက ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်လာနိုင်ဖွယ်ရှိပါသည်။ ဆော်ဒီနိုင်ငံ Jeddahမြို့ ၌လည်း တစ်ကီလိုမီတာမြင့်သည့် အဆောက်အအုံပုံစံ ဆွဲထားပြီးတည် ဆောက်ရန် စီစဉ်နေရာ ၂၀၁၉ခုနှစ် တိုင်အောင် ပြီးစီးနိုင်မည်မဟုတ်ကြောင်းသိရပါသည်။
ထို့ပြင် လွန်ခဲ့သည့်နှစ် ၁၈၀ဝခန့်က တည်ဆောက်ခဲ့၍ အကြိမ်ကြိမ်  ဖျက်စီးခံခဲ့ ရပြီး ပြန်လည်တည်ဆောက်ခဲ့သည့် Yellow Crane Tower နှင့် ရှေးဟောင်းပစ္စည်းမျိုးစုံ ၂သိန်းကျော်ကို စုဆောင်းပြသထားသည့် ဟူဘေး ပြည်နယ်ပြတိုက်တို့သည် မဖြစ် မနေသွားရောက်လေ့လာသင့်သည့်နေရာများ ဖြစ်သည်။ ဝူဟန်မြို့ အနီးတစ်ဝိုက် တွင် စက်မှုဇုန်အများအပြားလည်းရှိပြီး IT နည်းပညာ၊ စွမ်းအင်၊ ဆေးပညာ၊ စိုက်ပျိုး ရေးစသည်တို့နှင့် ဆိုင်သည့်ခေတ်မီစက်မှု ဥယျာဉ်ကြီးများလည်း တည်ရှိပါသည်။
ထိုကဲ့သို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်မှုမျိုးစုံကို ဝူဟန်မြို့၌ စာရေးသူ တွေ့မြင်လေ့လာခဲ့ရသဖြင့် ]]ဖွံ့ဖြို့းတိုးတက်မှု ပေါင်းစုပြည့်လျှံ၊ မြို့ဝူဟန်}ဟုပင်
တင်စားဖော်ပြလိုက်ရပါတော့သည်။                     

ဒေါက်တာတင်ထွန်းဦး

ခေတ်ဟောင်းနှင့် ခေတ်သစ်အဆောက်အအုံများ ယှဉ်တွဲတည်ရှိ

တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ဟူဘေးပြည်နယ်မြို့တော် ဝူဟန်မြို့သို့ ယခုနှစ်အတွင်း တရုတ်နှင့် အာဆီယံဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် တက်ရောက်ရင်း စာရေးသူရောက်ရှိခဲ့ ပါသည်။ ဟူဘေး (Hubei) ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ မြို့တော်ကြီး ဖြစ်သည့် ဝူဟန် (Wuhan) မြို့တွင် ယခုအခါ လူဦးရေ ၁၁သန်းနီးပါး နေထိုင်လျက်ရှိကြသည်။ ကမ္ဘာ့တတိယအရှည်ဆုံးမြစ်ဖြစ်သည့် ယန်စီ (Yan Zhe) မြစ်ကြီးအတွင်းသို့ သူ၏ အကြီးဆုံး မြစ်လက်တက်ဖြစ်သည့် ဟန်မြစ် စီးဝင်ရာနေရာတွင် တည်ရှိ၍ မြစ်နှစ်ခု ဆုံခြင်းဖြင့် ဝူဟန်မြို့ကြီးကို Wuchang, Hankou နှင့် Hanyang ဟူ၍ ဒေသသုံးခု ပိုင်းခြား ထားသကဲ့သို့ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၅၀၀ခန့်က စတင်တည်ရှိခဲ့ သည့် ရှေးဟောင်းမြို့လည်းဖြစ်၍ ဟန်မင်းဆက်ကာလကတည်းက စည်ကားခဲ့သော ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်။
ဥယျာဉ်၊ သစ်ပင်၊ မြစ်၊ တောင်၊ ရေအိုင်နှင့် ရေကန်ပေါင်း ၂၀၀ နီးပါးရှိ၍ စိမ်းစို သော ဥယျာဉ်မြို့တော်ဟု အမည်တွင်ပြီး တရုတ်နိုင်ငံ၏ အရှေ့အနောက်တောင်မြောက် လမ်းပန်းဆက်သွယ်ရေး ဗဟိုချက်ကျသည့် မြို့ကြီးလည်း ဖြစ်ပါသည်။ ထို့ပြင် သံ၊ သံမဏိ၊ ကား၊ စက်ပစ္စည်းမျိုးစုံ၊ လျှပ်စစ်ပစ္စည်း၊ နည်းပညာ၊ရေနံဓာတု၊ အစား အသောက်၊ စီးကရက်၊ ဆေးနှင့် ဆေးပစ္စည်း၊ အဝတ်အထည်၊ စက္ကူနှင့် ပုံနှိပ်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံအလုပ်ရုံများဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော စက်မှုမြို့တော် လည်းဖြစ်သည်။ ထိုမျှသာမက ဈေးဆိုင်အများအပြားဖြင့် စည်ကား၍ ဖက်ရှင်လုပ်ငန်း များ ထွန်းကားသဖြင့် ဖက်ရှင်မြို့တော်ဟုလည်း ခေါ်ဝေါ်ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ခန့်ကစ၍ တရုတ်နိုင်ငံအတွင်း၌ အနောက်တိုင်းယဉ်ကျေးမှုများ ထွန်းကားလာခဲ့သည့်မြို့ဖြစ်၍ ယခုအခါ နိုင်ငံတကာလေကြောင်းလိုင်း ၄၀ခန့် ဆင်းသက်ပျံသန်းလျက် ရှိသည့် အပြည်ပြည်ဆိုင်ရာ Tianhe လေဆိပ်ကြီးလည်းရှိပြီး အရှိန်မြှင့် (High Speed) အမြန်ရထားများ ပြေးဆွဲလျက်ရှိသည့် ခေတ်မီဘူတာရုံကြီး လည်းရှိရာ တရုတ်နိုင်ငံ၏ ချီကာဂို (Chicago) မြို့ဟုပင် နိုင်ငံခြားသတင်းဌာနများက တင်စားဖော်ပြလေ့ရှိကြသည်။
ချူ (Chu) ယဉ်ကျေးမှုထွန်းကားရာ မြို့ဖြစ်၍ တရုတ်ဘာသာစကားအရ ဝူဆို သည်မှာ Fighting နှင့် ဟန်ဆိုသည်မှာ Person ဟု အဓိပ္ပာယ်ရသဖြင့် သူရဲကောင်း များ၏ မြို့တော်ဟုလည်း ခေါ်တွင်လေ့ရှိကြသည်။ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများ တွင် အလွန်အေး၍ တစ်ခါတစ်ရံ၌ ဆီးနှင်းများပင် ကျလေ့ရှိသည်။ ယခုအခါ တက္က သိုလ် ၈၅ခုနှင့် ကောလိပ် ၂၀ကျော်ခန့်ရှိ၍ နိုင်ငံတကာမှ ဘွဲ့ကြိုနှင့် ဘွဲ့လွန် ကျောင်း သား ကျောင်းသူ ၁ဒသမ၂သန်း ပညာသင်ကြားလျက်ရှိသဖြင့် တရုတ်နိုင်ငံ အလယ် ပိုင်း၏ ပညာရေးမြို့တော်ကြီးလည်းဖြစ်သည်။ ထို့ပြင် Qing မင်းဆက်ကို ဖြုတ်ချ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်ကြောင်း ၁၉၁၁ခုနှစ်က ဒေါက်တာ ဆွန်ယက်ဆင်နှင့် အဖွဲ့က ကြေညာခဲ့ပြီး ယင်းသို့ တော်လှန်ခဲ့သည့်အဖွဲ့များ စတင် ရုံးစိုက်ရာ မြို့ကြီးလည်းဖြစ်သည်။ ယခုအခါယင်း၌ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်နှင့် တောင်ကိုရီးယား နိုင်ငံတို့၏ ကောင်စစ်ဝန်ရုံးများလည်း ဖွင့်လှစ်ထားသည်။
ထိုသို့ သမိုင်း ကြောင်းသာမက အဘက်ဘက်က  ဖွံ့ဖြိုးတိုးတက်စည်ကားနေသည့် ဝူဟန်မြို့ကြီးကို နိုင်ငံတကာမြို့တော်ကြီးတစ်မြို့ ဖြစ်လာစေရန် ရည်ရွယ်၍ ခေတ်မီအဆောက်အအုံအများအပြားကိုလည်း စနစ်တကျ တည်ဆောက်လျက်ရှိကြသည်။ မကြာမီ နိုင်ငံတကာ မြို့တော်ကြီးတစ်မြို့ဖြစ်လာတော့မည့် ဝူဟန်မြို့တွင် ကမ္ဘာလှည့် ခရီးသည်များအတွက် လေ့လာကြည့်ရှုစရာ နေရာအများအပြားလည်း ရှိပါသည်။
ရှေ့တစ်ပတ်တွင်ဆက်လက်ဖော်ပြပါမည်။ ဒေါက်တာတင်ထွန်းဦး

တရုတ်နိုင်ငံ နန်နင်းမြို့သို့ စာရေးသူရောက်ခဲ့စဉ်က မြို့ဆင်ခြေဖုံးအရပ်မှ ၁၁မိုင် ခန့်တွင် ဝူမင်ခရိုင်ရှိ အံ့ဩဖွယ်ကောင်းလှသည့် ရီလင်း (Yiling) ဂူကြီးသို့ သွား ရောက်လေ့လာဖြစ်ခဲ့ပါသည်။ ကွမ်ရှီကျွမ် (Guangxi Zhuang) ကိုယ်ပိုင် အုပ်ချုပ် ရေးဒေသ၏ အထင်ကရနေရာဖြစ်သည့် ယင်းဂူကြီးသည် ကျွမ်လူမျိုးတို့၏ဒေသ ရီလင်းရွာအနီး Liangman တောင်တွင် တည်ရှိသည်။ တောင်ခြေတွင်  မုခ်ဦးကြီးရှိ၍ ယင်း၏အနီး၌ မြောက်အမေရိကတိုက်မှ အင်ဒီယန်းလူမျိုးတို့၏ ရိုးရာ Totem တိုင် များကဲ့သို့ ကျွမ်တိုင်းရင်းသားတို့၏ ရိုးရာ Totem တိုင်ကြီးကို  တွေ့ရပါသည်။ မကောင်းဆိုးရွားများကို ဖယ်ရှား၍ ကံကောင်းစေသည်ဟု ကျွမ်တို့က ယုံကြည်ကြ ကြောင်းသိရသည်။ ကျွမ်လူမျိုး ဧည့်လမ်းညွှန် မိန်းမပျိုလေးက ဦးဆောင်၍ သစ်ပင် ဝါးပင်များအကြား လေ့လာလိုက်နားလိုက်ဖြင့် တောင်တက်ခရီးနှင်ခဲ့ရာ နာရီဝက်ခန့် အကြာတွင် ဂူကြီး၏ အဝသို့ ရောက်ခဲ့ကြပါသည်။
လမ်းခရီးတွင် ရိုးရာအတီးအမှုတ်များဖြင့် ကြိုဆိုဖျော်ဖြေကြသကဲ့သို့ ရိုးရာ အစားအသောက်များဖြင့်လည်း ဧည့်ခံကြပါသည်။ ရိုးရာအိမ်များ၊ အသုံးအဆောင်များ၊ ဓလေ့ထုံးစံများကို ပြသထားပြီး အမှတ်တရ ရုပ်တုများလည်းရှိရာ ကျွမ်လူမျိုးတို့၏ သူရဲကောင်း Mo Yi ဘုရင်က မြှားဖြင့် ရန်သူများကို ဖြိုခွင်းနေသည့်ရုပ်တုမှာ လွန်စွာ မာန်ပါလှသည်။ ထို့ပြင် လမ်းပေါ်တွင် ရိုးရာဝါးညှပ်အကဖြင့် ဖျော်ဖြေလျက်ရှိရာ စာရေးသူတို့လည်း သံစဉ်အတိုင်းက၍ ဆင်နွဲကျော်ဖြတ်ခဲ့ကြပါသည်။
လွန်ခဲ့သည့် နှစ်ပေါင်း တစ်သန်းကျော်က စတင်တည်ရှိခဲ့သည့် ရီလင်းဂူကြီးကို နေ့စဉ် နံနက် ၈နာရီမှ ညနေငါးနာရီခွဲအထိ လေ့လာနိုင်၍ ဝင်ကြေးမှာတစ်ဦးလျှင် ၁၅ယွမ်ဖြစ်သည်။ ပင်လယ်ခရုကြီးသဏ္ဍာန် တည်ရှိနေသည့် ဂူကြီးအတွင်း၌ ထူးခြား ဆန်းကြယ်လွန်းသည့် ကျောက်စိုင်၊ ကျောက်စွယ်၊ ကျောက်တိုင်၊ ကျောက်နံရံ၊ ကျောက်စက်ပန်းဆွဲနှင့် ကျောက်စက်မိုးမျှော်တို့ကို ပုံသဏ္ဍာန်မျိုးစုံ အရောင်မျိုးစုံဖြင့် အံ့မခန်းဖွယ်ရာ မြင်တွေ့ရပါသည်။ ကွေ့ကောက်သွားရသော မှောင်နေသည့် အချို့လမ်းကျဉ်းများတွင် ဧည့်လမ်းညွှန်၏ ဓာတ်မီးရောင်ဖြင့် သွားကြရပြီး များသော အားဖြင့် နံရံများကို ဆလိုက်မီးရောင်စုံဖြင့် ထိုး၍ ပြသထားရာ လှပလွန်းလှပါသည်။ ပေပေါင်း ၃၆၀ဝခန့်ရှည်၍ ၁၄၈ပေခန့်မြင့်သည့် ဂူကြီးမှာ သုံးထပ်သဖွယ်ရှိရာ ကွေ့ဝိုက်နေသော လမ်းကြောင်းများအတိုင်း သွားကြရပြီး အချို့နေရာတွင် တံတားထိုး ထားကာ အချို့နေရာတွင် လှေကားထစ်များ ပြုလုပ်ပေးထားသဖြင့် အဆင်ပြေလှသည်။ ထိုပြင် ဂူကြီး၏ အလယ်တွင် ရင်ပြင်ငယ်တစ်ခုရှိ၍ ယင်း၌ ကျောက်တုံးထိုင်ခုံလေးများ ပြုလုပ်ထားရာ ခေတ္တနားနေရင်း ပတ်ပတ်လည်ရှိ အံဩဖွယ်ကောင်းလှသည့် ဂူနံရံများ ကို လှမ်းမျှော်ကြည့်ရှုခဲ့ကြပါသည်။ သဘာဝအတိုင်း ထူးခြားဆန်းကြယ်စွာတည်ရှိ နေသည့် ပုံသဏ္ဍာန်မျိုးစုံကို ဧည့်လမ်းညွှန် ညွန်ပြသည့်အတိုင်းကြည့်လိုက်ရာ ဒဏ္ဍာရီလာ ဇာတ်ကောင်များ၊ တိရစ္ဆာန်များ၏ ပုံစံအတိုင်းထူးခြားစွာ မြင်တွေ့ရပါသည်။
နန်နင်းမြို့အနီးရှိ ဤဒေသတွင် ထူးဆန်းအံ့ဩဖွယ်ကျောက်ဂူကြီး တည်ရှိရုံ သာမက ကျွမ်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးရာနေရာလည်း ဖြစ်သဖြင့် နှစ်စဉ် မတ်လတွင် ကျွမ်ရိုးရာ ဂီတပွဲတော်ကို အဆိုအကများဖြင့် စည်ကား သိုက်မြိုက်စွာ  ကျင်းပလေ့ရှိသည်။ ထိုမျှသာမက နိုင်ငံတကာရိုးရာဂီတပွဲတော်များ ကိုလည်း ဤဝူမင်ခရိုင်၌ ကျင်းပလေ့ရှိကြောင်းသိရသည်။ အလွန်ကြီးမားဆန်းကြယ်သည့် ဧရာမဂူကြီးနှင့် ကျွမ်တို့၏ စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေ့လာ နိုင်သဖြင့် နန်နင်းမြို့သို့ ရောက်သူတိုင်း ဤဒေသသို့ မဖြစ်မနေသွားရောက်လေ့လာသင့်ကြောင်း စာရေးသူအနေဖြင့် ညွန်းဆိုချင်မိပါတော့သည်။  ဒေါက်တာတင်ထွန်းဦး

ကျောက်ဆည်မြို့တွင် အဓိဌာန်အောင် ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးနှင့် ရွှေသာလျောင်းတောင်၊ ဝေဘူ တောင်တို့ရှိ စေတီတော်များမှာ တန်ခိုးကြီး ထင်ရှား၍ လူသိများလှသည်။ ထိုနည်းတူ ကျောက်ဆည်မြို့အနီးရှိ ၂၀၀၉ခုနှစ်က ဘက်စုံမွမ်းမံပြုပြင်ခဲ့သည့် သမိုင်းဝင် ရှင်ပင်ရွှေဆပ်သွားစေတီတော်နှင့် မကြာလှသေးသည့် နှစ်များက ပြန်လည်တွေ့ရှိ တူးဖော် နိုင်ခဲ့သော တမုတ်ရှင်ပင်ရွှေဂူကြီးစေတီတော်တို့သည်လည်း ထူးခြားအံ့ဖွယ် ရုပ်ပွားတော်များဖြင့် စိတ်ဝင်စားစရာ ကောင်းလှပါ သည်။ များမကြာမီက ကျောက်ဆည်မြို့သို့ စာရေးသူတို့မိသားစု သွားရောက်ရင်း အထက်ပါတန်ခိုးကြီးရှေးဟောင်းဘုရားများကိုလည်း လှည့်လည်ဖူးမြော်ဖြစ်ခဲ့ပါသည်။
ရှေးဦးစွာ ကျောက်ဆည်မြို့၏ အနောက်ဘက် ငါးမိုင်ခန့်အကွာသို့ ကားဖြင့် သွားခဲ့ကြပြီးနောက် ညောင်ရွှေရွာအနီး၌ အနော်ရထာမင်းကြီး၏ ကုသိုလ်တော် သမိုင်းဝင် ရှင်ပင်ရွှေဆပ်သွားစေတီတော်ကြီးသို့ ရောက်ခဲ့ပါသည်။ စေတီတော်၏ ဂန္ဓ ကုဋိတိုက်အတွင်း၌ ဝင်ပေါက်၏ နံဘေးတွင် ရှေးဟောင်းဌာပနာတော်များကို ပြသထား၍ လူတစ်ရပ်ကျော်ကျော်သာဝင်နိုင် သည့် အတွင်းဝင်ပေါက်၏ အပေါ်တွင် ရသေ့ကြီးဦးခန္တီတည်ထားခဲ့သည့် ကြေးသွန်းရုပ်ပွားတော်ကြီးရှိပါသည်။ ၂၀၀၉ခုနှစ်က ဝင်ပေါက်ကို ပြန်လည်ဖွင့်နိုင်ခဲ့သည့် လိုဏ်ဂူအတွင်း၌ ပုဂံ၊ ပင်းယ၊ အင်း၀၊ ညောင်ရမ်းနှင့် ကုန်းဘောင် ခေတ်ငါးခေတ် မင်း အဆက်ဆက်၏ ကုသိုလ်တော်ဖြစ်၍ အဆင့်ဆင့် အထပ်ထပ် ပူဇော်ထားသော ရှင်ပင်ရွှေဆပ်သွား ထပ်ဆင့်ရုပ်ပွားတော်ကြီးကို အံ့ဩကြည်ညိုဖွယ်ရာ ဖူးမြော်ခဲ့ကြရပါသည်။ အတွင်းဆုံး၌ အနော်ရထာမင်းကြီး တည်ထားခဲ့သည့် ရုပ်ပွားတော်ရှိ၍ ယင်းကို ပင်းယခေတ် ရုပ်ပွားတော်၊ ထိုမှ ခေတ်အလိုက်အဆင့်ဆင့် ထပ်၍ထပ်၍ ရုပ်ပွားတော်များ တည်ထားခဲ့ရာ အပေါ်ဆုံး အပြင်ဆုံး၌ ကုန်းဘောင်ခေတ်လက်ရာ ရုပ်ပွားတော်ကြီးကို တစ်ခြမ်းမြင်တွေ့ရပါသည်။ ယင်း၏ အတွင်း၌ ညောင်ရမ်းခေတ်ရုပ်ပွားတော် တစ်ခြမ်းကို ဖူးတွေ့ရပြီး ဝဲဘက်အောက်ပိုင်းတွင် အင်း၀ခေတ်ရုပ်ပွားတော်၏ မီးခိုးနုရောင် ပုခုံးတော်ကို တွေ့မြင်ရပါသည်။ ပင်းယခေတ်နှင့် ပုဂံခေတ် ရုပ်ပွားတော်များမှာ ယင်း၏ နောက်ဘက်နှင့် အောက်ဘက်တွင်အဆင့်ဆင့်တည်ရှိနေကြပြီး အရွယ် အစား မကွာခြားလှသည့် ယင်းရုပ်ပွားတော် ငါးဆူကို အဆင့်ဆင့်ထပ်၍ တည်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
ဆက်လက်၍ ရှင်ပင်ရွှေဆပ်သွားစေတီတော်မှ အနောက်တောင်ဘက်တစ်မိုင်အကွာ၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စု၌ တည်ရှိသည့် သမိုင်းဝင် တမုတ်ရှင်ပင်ရွှေဂူကြီးစေတီတော်သို့ သွားရောက်ဖူးမြော်ခဲ့ကြပါသည်။ စေတီတော်သို့ မရောက်မီ အဝင်လမ်းတွင် ခမ်းနားထည်ဝါလှသည့် မုခ်ဦးကြီးကို တည်ဆောက်ထား၍ ပြန်လည်တူးဖော်ထားသည့် ပုဂံခေတ်စေတီ တော်ကြီးနှင့် ပရိဝုဏ်တစ်ခုလုံးကို ခေတ်မီခေါင်မိုးများဖြင့် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားသည်ကို ကျေနပ်အားရဖွယ် ရာမြင်တွေ့ရပါသည်။ ပုဂံခေတ်၊ ပင်းယခေတ်နှင့် အင်း၀ခေတ်တို့၌ အဆင့်ဆင့် ငုံ၍ တည်ထားခဲ့ပြီး နေလိုလလိုတန်ခိုးကြီးထင်ရှားခဲ့ သော်လည်း နောက်ပိုင်း၌ တောင်ကုန်းကြီးအသွင် ပြောင်းလဲခဲ့ရသည်။ သို့သော်များမကြာမီနှစ်များက ပြန်လည်တူးဖော်နိုင်ခဲ့ပြီး နိုင်ငံတကာ အဆင့်မီ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ထူးခြားဆန်းပြားသည့် ရုပ်ပွားတော်များ၊ အုတ်ခွက်ဘုရားများ၊ နံရံပေါ်က ပန်းတော့လက်ရာများနှင့် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းပစ္စည်း အမျိုးမျိုးကို တွေ့မြင်ခဲ့ရ၍ ပုဂံခေတ်စေတီတော် ကို ခြုံငုံတည်ထားခဲ့သည့် ပင်းယခေတ်စေတီတော်၏ အုတ်ချပ်အုတ်ပုံ အစိတ်အပိုင်းအချို့ကိုလည်း လေ့လာနိုင်ရန် ဖြိုဖျက်ခြင်း မပြုဘဲ ချန်လှပ်ပြသထားခြင်းမှာ စိတ်ဝင်စားစရာကောင်းလှပါသည်။ အထူးခြားဆုံးမှာ စေတီတော်၏ စနေထောင့်တွင် ခေတ်သုံး ခေတ် သုံးထပ်ဆင့် ရုပ်ပွားတော်ကို ဖူးမြော်ရခြင်းဖြစ်ပါသည်။ မှန်ဖြင့် ကာရံထားသည့် ယင်းရုပ်ပွားတော်ကြီးသည် ပုဂံခေတ် ကာလ၏ ၁၁၊ ၁၂နှင့် ၁၃ရာစုလက်ရာများဖြစ်၍ တစ်ဆူပေါ်တစ်ဆူငုံ၍ တည်ထားခြင်းဖြစ်ကြောင်းသိရပါသည်။ ဤစေတီတော်ကြီး တည်ရှိရာ ပရိဝုဏ်ကို ၂၀၁၅ခုနှစ်က ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာဇုန် (Ancient Monumental Zone) အဖြစ် သတ်မှတ်ခဲ့ကြောင်း ပရိဝုဏ်အတွင်းတစ်နေရာရှိ မော်ကွန်းကျောက်စာတိုင်အရ သိရှိရသည်။
ထူးခြားဆန်းပြားစွာ အဆင့်ဆင့် တည်ထားခဲ့ကြသည့် ရုပ်ပွားတော်များနှင့် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းပစ္စည်း များစွာတည်ရှိသော ယင်းစေတီတော်ကြီးများတွင် တနင်္ဂနွေနေ့ဖြစ်သော်လည်း ပြည်တွင်းဘုရားဖူးအချို့ကိုသာတွေ့ရ၍ ဘုရားဖူးကားကြီးများ၊ ပြည်ပခရီးသွားဧည့်သည်များကို မတွေ့ခဲ့ရပါ။ သို့သော်လည်း အလွန်ထူးခြားဆန်းပြား၍ သမိုင်းဝင် စေတီတော်များဖြစ်ပြီး စနစ်တကျ ထိန်းသိမ်းထားခြင်းဖြစ်ရာ များမကြာမီကာလတွင် ပြည်တွင်းပြည်ပ ဘုရားဖူးများ၊ ဧည့် သည်များဖြင့် ယခုထက်ပိုမိုများပြား စည်ကားလာလိမ့်မည်ဟု မျှော်လင့်မိပါတော့သည်။

                                                                                                                                                                   ဒေါက်တာတင်ထွန်းဦး
(ကျမ်းကိုး- မိုး(ကျောက်ဆည်) ရေးသားသည့် ]သမိုင်းဝင်ရှင်ပင်ရွှေဆပ်သွားဘုရားကြီး}နှင့် ]သမိုင်းဝင် တမုတ်ရှင်ပင်ရွှေဂူ ဘုရားကြီး}စာအုပ်များ)

တရုတ်နိုင်ငံ၏Green City ဟု ကျော်ကြားသည့် စိမ်းလန်းစိုပြည်လျက်ရှိသော နန်နင်း (Nanning) မြို့သည် တရုတ်နိုင်ငံ၏ တောင်ပိုင်း၊ ဗီယက်နမ်နိုင်ငံအနီးရှိ ကွမ်ရှီကျွမ် (Guangxi Zhaung) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်တည်ရှိပါ သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁ရဝဝခန့်က စတင်တည်ထောင်ခဲ့၍ ၁၉၅၈ခုနှစ်တွင် ယင်းဒေသ၏မြို့တော် ဖြစ်လာခဲ့သည်။ ထို့ပြင်နန်နင်းမြို့သည် CAEXPO မြို့တော်အဖြစ်လည်း ထင်ရှားပါသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ ကုန်သွယ်ရေးနှင့် စီးပွားရေးအတွက် အထူးအရေးပါလှသည့် တရုတ်-အာဆီယံကုန်စည်ပြပွဲ (China-Asean Expo)(CAEXPO) ကို ၂၀၀၄ခုနှစ် မှစတင်၍ နန်နင်းမြို့တွင် နှစ်စဉ် စဉ်ဆက်မပျက် ကျင်းပခဲ့ခြင်းကြောင့် ဖြစ်သည်။ ယခုနှစ်တွင်လည်း ( ၁၃ ) ကြိမ်မြောက် ကုန်စည်ပြပွဲကို ရှေ့လ ၁၁ရက်မှ ၁၄ ရက်အထိ နန်နင်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်လျက်ရှိပါ သည်။ ထို့မျှသာမက တရုတ်အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှု ညီလာခံ  (China-Asean Business & Investment Summit- CABIS) ကိုလည်း ကျင်းပ လေ့ရှိရာ တရုတ်နှင့် အာဆီယံခေါင်းဆောင်များ နှစ်စဉ်တက်ရောက်လေ့ရှိကြပါသည်။ လူဦးရေ ရသန်းခန့် နေထိုင်၍ စည်ကားလှသည့် နန်နင်းမြို့သို့ မကြာမီက စာရေးသူ ရောက်ရှိခဲ့ရာ ယင်း၏ဖွံ့ဖြိုးတိုးတက်မှုများကိုသာမက CAEXPO အတွက် ကြိုတင် ပြင်ဆင်ထားသည်များကိုလည်း မြင်တွေ့ခဲ့ရပါသည်။ နန်နင်းမြို့အနီး၌ နန်နင်းစီးပွားရေး နှင့်နည်းပညာဖွ့ံဖြိုးရေးဇုန်ရှိ၍ ယင်းမြို့၏ အခြားဖွံ့ဖြိုးရေးဇုန်ဖြစ်သည့် ွကငူငည အဆင့်မြင့် နည်းပညာနှင့် စက်မှုလက်မှုဖွံ့ဖြိုးရေးဇုန်ကိုလည်း လေ့လာခဲ့ရပါသည်။
ထိုသို့ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာမြို့ကြီး ဖြစ်ရုံသာမက နန်နင်းမြို့၌ ပြည်တွင်းပြည်ပ ခရီးသည်များအတွက် ကြည့်ရှုလေ့လာစရာ အများအပြားရှိပါ သည်။ သာယာလှပသည့် ရေကန်အလယ်၌ တရုတ်ရိုးရာ တံတားဖြူလေးတည်ငြိမ် အေးချမ်းစွာ ရှိနေသော နဂါးဖြူဥယျာဉ်ဟုလည်းအမည်တွင်သည့် ပြည်သူ့ဥယျာဉ်၊ ဆေးဖက်ဝင်အပင်များစွာ စိုက်ပျိုးထားသည့် ရုက်္ခဗေဒဥယျာဉ်၊ ကုန်စည်ပြပွဲကျင်းပ မည့်ခန်းမကြီးနှင့် ပြခန်းအဆောင်များ၊ ယဉ်ကျေးမှုပစ်္စည်း ၅ဝဝဝဝကျော်နှင့် ရှေး ဟောင်းစာအုပ် ၅ဝဝဝဝကျော် စုဆောင်းပြသထားသည့် ကွမ်ရှီပြတိုက်၊ ဆန်းသစ် သည့် ခေါင်မိုးနှင့် ခေတ်မီအားကစားပြိုင်ကွင်းကြီး၊ Nanhu ရေအိုင်ဥယျာဉ်တို့သည် နန်နင်းမြို့သို့ ရောက်သူတိုင်း သွားရောက်လေ့ရှိရာနေရာများဖြစ်ကြသည်။ ထို့ပြင် ယင်းမြို့အနီး၌ တည်ရှိသည့် Detian ရေတံခွန်ကြီးမှာ ဗီယက်နမ်နိုင်ငံမှ ရေတံခွန် နှင့် ဆက်စပ်လျက်ရှိ၍ အဆင့်သုံးဆင့်မှ ရေများ အရှိန်ပြင်းစွာ ကျဆင်းလျက်ရှိပြီး ပေ၆၆ဝခန့် ကျယ်ကာ ပေ၂၃၀ ခန့် မြင့်သဖြင့် အာရှတိုက်၏ အကြီးဆုံးရေတံခွန် ကြီးလည်းဖြစ်သည်။ ယင်းဒေသတွင် တိုင်းရင်းသားမျိုးစုံနေထိုင်လျက်ရှိ၍ သက် ဆိုင်ရာရိုးရာ သီချင်းနှင့် အကများကလည်း စိတ်ဝင်စားစရာဖြစ်ပြီး နန်နင်းမြို့အနီးရှိ ကျွမ်လူမျိုးတို့၏ ယဉ်ကျေးမှုထွန်းကားရာ ဝူမင်ခရိုင်၌ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သန်း ကျော်ကပင် တည်ရှိခဲ့သော Yiling ဂူကြီးမှာ လွန်စွာကြီးမားကျယ်ပြန့်ကာ ဆန်းကြယ် လှရာ ယင်းကို ဆောင်းပါးတစ်ပုဒ်အဖြစ် သီးသန့်ရေးသားဖော်ပြသွားပါမည်။ ထို့ပြင် နန်နင်းမြို့အနီးရှိ Yangmei ရှေးဟောင်းမြိ့လေးမှာလည်း သွားရောက်လေ့လာသင့် သည့် နေရာတစ်ခုပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ နှစ်စဉ်ကုန်စည်ပြပွဲ ကျင်းပလေ့ရှိ၍ စက်မှုဖွံ့ဖြိုးရေးဇုန်များလည်းရှိသော နန်နင်းမြို့သည် စီးပွားရေး၊ ကုန်သွယ်ရေးအတွက် သာမက ဒေသန်္တရ ဗဟုသုတ ရှာဖွေရန်အတွက်လည်း သွားရောက်လေ့လာသင့် သည့် မြို့ကြီးတစ်မြို့ဟုပင် ညွှန်းဆို လိုက်ချင်ပါတော့သည်။ ဒေါက်တာတင်ထွန်းဦး

More Articles ...