ရှေးခေတ်နှစ်ပေါင်းများစွာက ဩဇာအာဏာကြီးမား ယဉ်ကျေးမှုထွန်းကားခဲ့သော အီဂျစ်နိုင်ငံတွင် ပိရမစ်ကြီးများအပြင် လေ့လာစရာကျောင်းဆောင်များ၊ အဆောက် အအုံများများစွာ ရှိလို့နေပါသည်။ ၎င်းတို့အနက် အီဂျစ်နိုင်ငံ တောင်ဘက်အစွန်ဆုံးမှာ ရှိသော သမိုင်းဝင်အဆောက်အအုံ အဘူဆင်ဘဲလ်(Abu Simbel)ကျောင်းဆောင် ကြီးများမှာ မျက်နှာ၀ရှိကြီးမားခန့်ညားလှသည့် ရုပ်တုကြီးများကြောင့် ကမ္ဘာမှာ ထင် ရှားလို့နေပါ၏။ စာရေးသူ အီဂျစ်နိုင်ငံကို Tour Diamond ဖြင့် တစ်ပတ်တာ သွား ရောက်ခဲ့စဉ်က မြို့တော်ကိုင်ရိုမှ အစ္စဝန်မြို့သို့ ညအိပ်ရထားဖြင့်စီးပြီး ထိုမှတစ်ဆင့် ကားဖြင့်လေးနာရီကျော်ကြာ မောင်းရသည့် ထိုကျောင်းဆောင်ကြီးသို့ သွားရောက် ဖြစ်ခဲ့ပါသည်။
ယင်းသည် ရှေးဟောင်း နူဘီယံလူမျိုးစုများနေထိုင်ရာ အီဂျစ်ပြည်တောင်ပိုင်း တွင်ရှိပြီး UNESCO မှ အသိအမှတ်ပြု ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်အဆောက်အအုံ များဖြစ်သည့် နူဘီယံရှေးဟောင်းအဆောက်အအုံများအနက် တစ်ခုဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော် (1224BC)က နှစ် ၂၀ ကျော်ကြာ ဆောက် လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကတန်ခိုးဩဇာအာဏာကြီးမားခဲ့သော ရဲမ်ဆီ II ဘုရင်ကြီး က အီဂျစ်တောင်ပိုင်း အနီးဝန်းကျင်ဒေသများကို အင်အားပြသလိုသော ရည်ရွယ် ချက်ဖြင့် ဆောက်လုပ်ခဲ့သည့် ခမ်းနားကြီးကျယ်သော ကျောင်းဆောင်ကြီးများအနက် တစ်ခုဖြစ်ပါ၏။ ထိုကျောင်းဆောင်နှင့် ရုပ်တုကြီးများသည် ယခင်က သဲများဖုံး လွှမ်း နေပြီး ၁၈၁၃ ခုနှစ်မှ ရုပ်တုကြီးများရှိမှန်းသတိထားမိကာ ၁၈၁၇ခုနှစ်တွင် ဘုရား ကျောင်းထဲဝင်နိုင်သည်အထိ တူးဖော်နိုင်ခဲ့ပါသည်။ ထိုရုပ်တုကြီးများရှိရာကို နယ် မြေသစ်ရှာဖွေသူများကို လမ်းပြပေးခဲ့သော ဒေသခံနူဘီယံလူမျိုး အဘူဆင် ဘဲလ် ကို အစွဲပြုပြီး အဘူဆင်ဘဲလ်ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ အဘူဆင်ဘဲလ် ကျောင်းဆောင်ကြီးမှာ စိတ်ဝင်စားဖွယ်ရာ ထူးခြားချက်များစွာရှိလို့ နေပါသည်။ ပထမအချက်မှာ ပုံသဏ္ဏာန်ဆင်တူ ကျောင်း ဆောင်ကြီး နှစ်ခုကပ်ရပ်တည်ရှိနေခြင်းပါ။ ရဲမ်ဆီဘုရင် II က သူကိုယ်တိုင်အတွက် ကျောင်းဆောင်တစ်ဆောင်နှင့် သူ့မိဖုရား ခေါင်ကြီး နီဖာတာရီအတွက် ကျောင်းဆောင်တစ်ဆောင် ကပ်ရပ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်ထိုအခါက မိဖုရားအတွက် အဆောက်အအုံဆောက်လုပ်ပေး သည်မှာရှားပါးလှခြင်းကြောင့် ထူးခြားသည်ဟုဆိုရပေမည်။ မိဖုရားပေါင်းများစွာရှိ သည့်အနက် နီဖီတာရီ မိဖုရားအတွက်သာ ရည်ရွယ်ဆောက်လုပ်ထားခြင်းကလည်း မိဖုရားအပေါ်ထားသည့် မေတ္တာကို တွေ့မြင်ရပါသည်။
နောက်ထပ်ထူးခြားချက်မှာ ကျောက်တောင်နံရံကို ထွင်းထားသည့် ထိုကျောင်းဆောင်ကြီးနှစ်ခုစလုံးမှာ မူလက ထိုနေရာမှာ မဟုတ်ကြပေ။ နိုင်းမြစ်မကြာ ခဏရေ လျှံခြင်းမှ သက်သာအောင်ဆောက်ထားသည့် အစ္စဝန်(Aswan) ရေကာတာ ကြီးကြောင့် လူလုပ်ရေကန်ကြီး နာဆာကန်ပေါ်ပေါက်လာသည့်အခါ မူလနေရာမှာ ရေအောက်ရောက်တော့မလိုဖြစ်ခဲ့ပါ၏။ ထို့ကြောင့် မူလနေရာမှ ရေလွတ်ရာဖြစ်သည့် ၆၅ မီတာပိုမြင့်ပြီး ၂၀၀ မီတာအကွာမှာရှိသည့် ယခုနေရာသို့ ကျောက်တောင်ကြီးနှင့် ကျောက်ရုပ်ကြီးများ ကျောင်းဆောင်ကြီးများကို တစ်လွှာခြင်းဆီ တစ်ပိုင်းခြင်းဆီ ဖြတ်ထုတ်ပြီးရွှေ့ပြောင်းကာ မူလလက်ရာမပြတ်အောင် နည်းစနစ်တကျ ပြန်ဆောက်လုပ်ခဲ့ရကြောင်းသိရသည်။ နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ရန်ပုံငွေများဖြင့် အမေရိကန်ဒေါ်လာသန်းလေးဆယ်နီးပါး အကုန်အကျခံကာ ၁၉၆၄ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ ၄ နှစ်တာအချိန်ယူပြီး ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပါသည်။
ထိုကျောင်းဆောင်ကြီးနှစ်ခုအနက် ရမ်ဆစ် II ဘုရင်ကြီး၏ ကျောင်းဆောင် ရှေ့မျက်နှာစာတွင် အရှေ့အရပ်သို့မျက်နှာမူနေသည့် ယင်း၏ပုံတူဧရာမရုပ် တုကြီး လေးခုကို ထိုင်လျှက်ပုံစံထွင်းထုထားပြီး မိဖုရားနှင့် သားသမီးများရုပ်တုလေးများကို အရုပ်များဧ။် အောက်ခြေနားမှာ ဒူးခေါင်းအရွယ်အစားရုပ်တုလေးများထွင်းထုထား သည်ကို တွေ့ရပါသည်။ ဘုရင်မကြီးကျောင်းဆောင်တွင်မူ မတ်တပ်ရပ်အနေ အထားနှင့် ရုပ်တုခြောက်ရုပ်ကို တွေ့ခဲ့ရပါသည်။ ကျောင်းဆောင်ကြီးများသည် အပြင်ဘက်သာမက အတွင်းဘက်နံရံများ၊ ကျောက်ထွင်းပန်းချီများ၊ တိုင်လုံးများနှင့် ရုပ်တုများမှာလည်း ရင်သက်ရှုမောဖွယ်ကောင်းအောင် အနုစိတ်လှပါသည်။
ရမ်ဆစ်ဘုရင်ကြီး၏ ကျောင်းဆောင်အတွင်းဘက်အခန်းငယ်မှာ နတ်မင်းကြီး သုံးပါးနှင့် ဘုရင်ကြီး၏ ရုပ်တုများကိုထိုင်ရပ်အနေအထားအတိုင်းတွေ့နိုင်ပါသည်။ ထိုရုပ်တုများသို့ တစ်နှစ်လျှင် နှစ်ရက်သာ အလင်းရောင်ကျရောက်အောင် ဆောက် လုပ်ထားကြောင်းသိရသည်။ ဘုရင်ကြီး၏ မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၂၁ ရက် နှင့် ဘိသိက်ခံယူသည့် အောက်တိုဘာလ ၂၁ ရက် နေ့များမှသာ ရုပ်တုများပေါ်သို့ နေရောင်ကျအောင်ချိန်ဆတွက်ချက်ပြီး ဆောက်လုပ်ခဲ့သည်မှာ ထူးခြားလှပါသည်။ ပိုပြီးထူးခြားသည်မှာ ရုပ်တုလေးရုပ်အနက် အမှောင်ကမ္ဘာနှင့်ဆက်သွယ်နေသည့် နတ်ဘုရားပီထာပေါ်သို့ကွက်ပြီး နေရောင်မကျအောင် ဆောက်လုပ်ထားခြင်းပါ။ ရှေးခေတ်အီဂျစ်လူမျိုးများ၏ဗိသုကာလက်ရာမှာ နှောင်းလူတွေလက်ဖျားခါလောက်သည့်အထိပင် အံ့ဩဖွယ်ကောင်းလှပေသည်။ ယခုအခါ မူလထက်ပိုမြင့်သည့် နေရာသို့ ရွှေ့ပြောင်းခဲ့ရခြင်းကြောင့် ထိုရက်များထက် တစ်ရက်စီ နောက်ကျပြီးမှသာ ရုပ်တုများပေါ် နေရောင်ကျရောက်နိုင်ပေသည်။ ထိုသို့ ထူးခြားအံ့ဩဖွယ် ကောင်းလှသည့် အဘူဆင်ဘဲလ်ကျောင်းဆောင်ကြီးသို့ အီဂျစ်ရောက်ဖြစ်ခဲ့လျှင်သွားရောက် လေ့လာသင့်ပါကြောင်းတိုက်တွန်းလိုက်ရပါသည်။

19-1abusimbel

 

ရှေးနှစ်ပေါင်း ၄၀၀၀ကျော်ကတည်းက အခိုင်အမာရှိခဲ့တဲ့ ကမ္ဘာ့ရှေးဟောင်းအံဖွယ်ခုနှစ်ပါးထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ ဂီဇာပိရမစ်ကြီးတွေကို မျက်ဝါးထင်ထင် မြင်တွေ့ချင်တာကြာပါပြီ။ တိုက်ကြီးငါးတိုက်ထဲမှာ နောက်ဆုံးရောက်ဖို့ကျန်နေတဲ့ အာဖရိကတိုက်ကိုလည်းသွားချင်တာကြာပါပြီ။ ဒါကြောင့် ဒီနှစ်သစ်ကူးပိတ်ရက် အတွင်း Tour Diamond ရဲ့ အီဂျစ်ခရီးစဉ်နဲ့အတူ အီဂျစ်နိုင်ငံသို့တစ်ပတ်အကြာ သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်းမှာ ပိရမစ်ပုံသဏ္ဏာန် အဆောက်အအုံ တွေများစွာရှိလို့နေပါတယ်။ အီဂျစ်နိုင်ငံကတော့ ပိရမစ်နဲ့ ကမ္ဘာကျော်သလို အီဂျစ်မှာ ပိရမစ်ပေါင်းရာကျော်ရှိ နေဆဲပါ။ တခြားနိုင်ငံတွေမှာ ပိရမစ်ကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ဆောက်လုပ်ခဲ့ကြပေမဲ့ အီဂျစ်ကတော့ ဖာရိုဘုရင်တွေနတ်ရွာစံတဲ့အခါ မံမီရုပ် အလောင်းပြုလုပ်ပြီးမြှုပ်နှံဖို့ ဆောက်လုပ်ခဲ့ကြတာပါ။ သေပြီးတမလွန်ဘ၀မှာ အသုံး ပြုနိုင်ဖို့ ပိုင်ဆိုင်သမျှ ရတနာတွေနဲ့ နေ့စဉ်အသုံးပြုခဲ့တဲ့ ပရိဘောဂတွေကိုပါ ပိရမစ် ကြီးတွေထဲတစ်ခါတည်း ထည့်မြှုပ်ခဲ့ကြတာပါ။
ကမ္ဘာမှာနာမည်အကျော်ဆုံး ပိရမစ်တွေကတော့ ဂီဇာမြို့က ပိရမစ်တွေပဲဖြစ်ပါ တယ်။ ဂီဇာမြို့အနီးအနားမှာတင်ရှိပြီး ဂီဇာမြို့ကနေလှမ်း မြင်ရတဲ့ ပိရမစ်ကြီးတွေက ရင်သပ်ရှုမောဖွယ်ရာပါ။ ထုထည်ကြီးမားကျယ်ပြန့်လှသလို သားစဉ်မြေးဆက်ဆောက် ခဲ့တဲ့ ပိရမစ်ကြီးသုံးခု အတန်းလိုက်ရှိနေတာကလည်း အံ့အားသင့်စရာပါ။ အဲ့ထဲက အကြီးဆုံး ချီးယပ်စ်ပိရမစ်ကို အဖေဖြစ်သူ ခူဖူဘုရင်ကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀ ကျော်ကဆောက်လုပ်ခဲ့တာပါ။ အမြင့်ပေ ၄၅၅ ပေ(အထပ်၅၀ မြင့်တဲ့တိုက်တစ် တိုက်စာ)ရှိပြီး အောက်ခြေအနားတစ်ဖက် ၇၅၅ ပေစီ(တင်းနစ်ကွင်းအခု ၂၀၀ စာ) ရှိတာကြောင့် ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံအဖြစ် နှစ်ပေါင်း ၄၃၀၀ ကျော် ရပ် တည်ခဲ့တာပါ။ ၁၈၈၉ ခုနှစ်မှာဖွင့်လှစ်ခဲ့တဲ့ ပြင်သစ်နိုင်ငံရှိ အီဖယ်တာဝါကြီးက ပိုမြင့်ခဲ့ လို့ ဒီချီယပ်စ်ပိရမစ်ကြီးကိုကျော်တက်ခဲ့ပါတယ်။ ဒါတောင် ဒီပိရမစ်ကြီးက မူလအ မြင့်ပေ ၄၈၈ ပေရှိခဲ့တာပါ။ ဒီပိရမစ်ကြီးကို ၂ ဒသမ ၅ တန်ကနေ ၁၅ တန်အထိလေး တဲ့ကျောက်တုံးကြီးတွေ အတုံးပေါင်း နှစ်သန်းကျော်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး အ လုပ်သမားပေါင်း ၁၀၀၀၀ နဲ့ အနှစ် ၂၀ကျော်ကြာဆောက်လုပ်ခဲ့ရတာပဲဖြစ်ပါတယ်။
အလယ်မှာ ရှိတာကတော့ သားဖြစ်သူ ခါဖရာဘုရင် ဆောက်လုပ်ခဲ့တဲ့ ပိရမစ် ကြီးပါ။ ဖခင်ရဲ့ ခူဖူပိရမစ်ထက် နိမ့်အောင် ဆောက်ရလို့ အမြင့်ပေ ၄၄၆ ပေသာရှိ ပေမဲ့ ပိုမြင့်တဲ့ တောင်ကုန်းပေါ်တက်ဆောက်ထားလို့ အလယ်မှာ အမြင့်ဆုံးပိရမစ်လို ဖြစ်နေတာပါ။ ပြီးတော့ ပိရမစ်မုခ်ဦးမှာ ထုထားတဲ့ မဟာမနုဿီဟရုပ်တုကြီးကလည်း ထည်ဝါလှပါတယ်။ အမြင့် ၆၅ ပေ အရှည် ၂၄ ပေရှိ ဒီရုပ်တုကြီးဟာ ဘုရင်ခေါင်း ခြင်္သေ့ကိုယ်နဲ့ ဖြစ်နေပြီး ပိရမစ်ကြီးကို စောင့်ရှောက်နေသယောင် ပိရမစ်ကြီးတွေနဲ့ အလွန်ပနံသင့်လှပါတယ်။ ဒီအရုပ်ကြီးတွေက ရှေးဟောင်းအီဂျစ်သာမက ခေတ်သစ်အီဂျစ်ရဲ့သင်္ကေတဖြစ်နေဆဲပါ။ နောက်ဆုံးတစ်ခုဖြစ်တဲ့ မန်ကာရီပိရမစ်က တော့ မြေးဖြစ်သူဆောက်ခဲ့ပြီး ၂၁၆ ပေသာမြင့်လို့ အသေးဆုံးပိရမစ်ပဲဖြစ်ပါတယ်။ ဒီပိရမစ်သုံးခုဟာ နိုင်းမြစ်အနောက်ဘက်ကမ်းမှာရှိပြီး တစ်ခုပေါ်တစ်ခု အရိပ် မထပ်အောင် နေမကွယ်အောင် အရှေ့မြောက်ကနေ အနောက်တောင်လားရာ အတိုင်းဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ အနီးအနားမှာ မိဖုရားတွေအတွက် ဆောက်လုပ်ခဲ့တဲ့ ပိရမစ်အသေးလေးတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ပိရမစ်ကြီးထဲ ဝင်ကြည့်ချင်ရင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာထပ်ပေးရပါတယ်။ စာရေးသူလည်း ပိရမစ်တွေအကြောင်းစိတ်ဝင်စားလို့ အကြီးဆုံး ခူဖူပိရမစ်ကြီးထဲ ဝင်ကြည့်ဖြစ်ခဲ့ ပါတယ်။ မူလဝင်ပေါက်က မြောက်ဘက်အရပ် အမြင့်ပေ ၁၆၄ ပေအမြင့်မှာ ရှိပေမဲ့ တကယ်ဝင်ကြည့်ရတဲ့ အပေါက်က ဂူဖောက်သမားတွေ ဂူသူခိုးတွေ အသုံးပြုခဲ့တဲ့ အပေါက်ပါ။ လှိုဏ်ဂူလို လမ်းနဲ့ တစ်ယောက်စာသာကုန်းကွပြီး ဆင်ခြေလျှော အတိုင်းတက်ရတဲ့ လှိုဏ်ခေါင်းကျဉ်းကျဉ်းဖြတ်ကျော်အပြီးမှာ Grand Galley လို့ ခေါ်တဲ့ မျက်နှာကျက်အမြင့်ကြီးရှိတဲ့ ဆင်ခြေလျှောလမ်းဆီရောက်ပါတယ်။ ၂၈ ပေနီးပါးအမြင့်ရှိပြီး ၁၅၇ ပေရှည်တဲ့ ဒီလမ်းကြီးဟာ အင်မတန်ခမ်းနားပါတယ်။ အဲ့ လမ်းအဆုံးမှာ ဘုရင်အုတ်ဂူထည့်ထားရာ အခန်းတစ်ခုကိုတွေ့ရပါတယ်။ ဂူဖောက် သမားတွေကြောင့် အခန်းထဲရော လမ်းတလျှောက်မှာ ဘာပစ္စည်းမှ ရှိမနေတော့ ပါဘူး။ ပစ္စည်းတွေပါရှိနေရင် ဘယ်လောက်များ ခမ်းနားလိမ့်မလဲတွေးမှတ်မိပါရဲ့။ တခြားလမ်းခွဲတစ်ခု ပိတ်ထားတာတွေ့ရပြီး အဲ့လမ်းကသွားရင် မိဖုရားခေါင်ကြီးရဲ့ အုတ်ဂူမြှုပ်နှံထားတယ်လို့ သိရပါတယ်။ အကြီးဆုံး ခူဖူပိရမစ်ကြီးရဲ့ အနားမှာ ဘုရင်ကြီး ရုပ်အလောင်းကို နိုင်းမြစ်တလျှောက်သယ်လာခဲ့တဲ့၊ ဘုရင်ကြီး ဈာပနမှာ အသုံးပြုခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ အကြာက ရှေးဟောင်းရွက်လှေကြီးကိုလည်း တွေ့ မြင်နိုင်ပါတယ်။
အီဂျစ်ကပိရမစ်ကြီးတွေဟာ ဖာရိုဘုရင်တို့ရဲ့ သချုØင်းဂူသက်သက်သာ မဟုတ် ပါဘူး။ နှစ်ပေါင်းများစွာတိုင် မပျက်မစီးဘဲ မားမားမတ်မတ် ရပ်တည်နေနိုင်တာကြောင့် လူတို့ရဲ့စွမ်းအားကို ပြနေတဲ့ ပြယုဂ်ကြီးတစ်ခုလည်း ဖြစ်နေပါတယ်။ ရှေးခေတ် အံ့ မခန်းဖွယ်ရာဆောက်လုပ်ရေးနည်းပညာတွေ၊ ယုံကြည်ချက်တွေ၊ အယူဝါဒတွေ ကလည်း စိတ်ဝင်စားဖွယ်ကောင်းလှလို့ ကမ္ဘာ့အံ့ဖွယ်အဆောက်အအုံကြီးတွေထဲ ထိပ်ဆုံးကနှစ်ပေါင်းများစွာ နေရာယူခဲ့နိုင်တာလည်း မဆန်းပါဘူးလေ။

egyptpramid12-1

လက်ဖက်ခင်းများနှင့် ဒါးလက်မြို့ရှုခင်း

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိတောင်ပေါ် အပန်းဖြေစခန်းမြို့လေးဖြစ်သော ဒါးလက်မြို့လေးသည် ကျွန်မတို့ဆီမှ မေမြို့(ခေါ်)ပြင်ဦးလွင်မြို့လေးနှင့် အတော် လေးကိုတူပါသည်။ ပြင်ဦးလွင်မြို့မှာ နာမည်ငါးမျိုးရှိသလို ဒါးလက်သည်လည်း ငါး မည်ရမြို့လေးပါပဲ။ မြို့အနှံ့ပန်းရောင်စုံပွင့်ဖူးနေ၍ ပန်းမြို့တော်၊ ညားခါစ ဇနီး မောင်နှံများ ဟန်းနီးမွန်းထွက်ရာမြို့ဖြစ်၍ အချစ်မြို့တော်၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှ အီဖယ်တာဝါပုံစံ တယ်လီဖုံးတာဝါတိုင်လေးကို မြို့လယ်မှာ ဆောက်လုပ်ထားရှိခဲ့၍ Little Paris ထင်းရှူးတောတွေပေါများ၍ ထင်းရှူးမြို့တော်နှင့် တောင်ပေါ်မြို့ ဖြစ်ကာ အမြဲမပြတ်မြူဆိုင်းနေသော သာယာအေးမြသည့် ရာသီဥတုကြောင့် ထာဝရ နွေဦးမြို့တော်ဟူပြီး အမည်အမျိုးမျိုးခေါ်ဝေါ်ကြကြောင်း သိရပါသည်။


ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၄၉၀၀ အထက်မှာရှိသောကြောင့် ရာသီ ဥတုသာယာအေးမြလှသည့် ဒါးလက်မြို့လေးကို ယခုနှစ်ဒီဇင်ဘာလအတွင်းက Tango Tour & Trek ၏စားရိတ်ငြိမ်းခရီးစဉ်နှင့်အတူ ရောက်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ကျွန်မ တို့သည် တောင်ပိုင်းရှိစက်မှုမြို့တော် ဟိုချီမင်းမြို့လေးမှ ကန္တာရလိုဖြစ်နေသော ကြောင့် နာမည်ကျော်နေသည့် သဲဖြူသဲနီတောင်ကုန်းတွေရှိရာ မွေ့နဲမြို့သို့ ကားဖြင့် ငါးနာရီကျော်ကြာမောင်းပြီး ထိုမြို့တွင် တစ်ညအိပ်ကာ နောက်တစ်ရက်တွင် ထိုမြို့မှ ဒါးလက်မြို့သို့ ကားဖြင့် ငါးနာရီကြာသွားခဲ့ခြင်းဖြစ်ပါသည်။ ၁၈၉၀ ပြည့်နှစ်များက ပြင်သစ်ကိုလိုနီလက်အောက်ကျရောက်ခဲ့စဉ်က ပြင်သစ်အစိုးရက တောင်ပေါ်အပန်း ဖြေစခန်းအဖြစ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သောကြောင့် ထိုမြို့လေးရှိ အိမ်လေးများနှင့် ရှေးဟောင်းအဆောက်အအုံများမှာ ပြင်သစ်ဗိသုကာလက်ရာများလွှမ်းခြုံနေပါသည်။ အိမ်ခေါင်မိုးချွန်ချွန်လေးများဖြင့် မြို့လေးက ဥရောပရှိ ပြင်သစ်ရွာလေးဆီရောက် နေသလို ခံစားရပါ၏။


ဒါးလက်မြို့လေးသို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်ကြသည့် အဓိကအချက်တစ်ချက်မှာ ထိုမြို့လေးရှိ Hang Nga Guest House ကြောင့်ပင် ဖြစ်သည်။ Crazy House (စိတ္တဇအိမ်)ဟု လူသိများကာ စိတ်ကူးဆန်းကြယ်ထူး ခြားလွန်းလှသည့် ဗိသုကာလက်ရာများကြောင့် နာမည်ကျော်နေခြင်းဖြစ်သည်။ ဧရာ မညောင်ပင်ကြီးကို အခြေခံကာဆောက်လုပ်ထားရာ စိတ်ကူးယဉ်ပုံပြင်ထဲက အိမ် လေးတွေ၊ ကာတွန်းကားတွေထဲက အိမ်လေးတွေလိုဖြစ်နေပါသည်။ ထိုအိမ်ကို ဗီ ယက်နမ်ဗိသုကာပညာရှင် အမျိုးသမီးဟန်ငါက ကိုယ်ပိုင်ပရောဂျက်အဖြစ် ၁၉၉၀ တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ယခုအခါ အများပြည်သူကြည့်ရှုလေ့လာနိုင်ရန် ပြတိုက် အဖြစ်ဖွင့်လှစ်ပြသထားသည်။ ညအိပ်တည်းခိုလိုပါကလည်း တည်းခိုနိုင်ကြောင်း သိရသည်။ အိပ်ခန်းတစ်ခန်းစီကို တောတွင်းတိရစ္ဆာန်တစ်ကောင်ချင်းစီအလိုက် စိတ် ကူးကာဆောက်ထားခြင်းဖြစ်ပြီး တစ်နေရာနှင့်တစ်နေရာအကူး လျှောက်လမ်းများကို လိုဏ်ခေါင်းသဖွယ်ဆောက်ထားခြင်းဖြစ်ရာ တောတွင်းလိုဏ်ဂူများအတွင်းရောက် နေသလိုလည်း ခံစားရပါသည်။


ဒါးလက်မြို့ကို နောက်ထပ်ဆွဲဆောင်နေသည့်နေရာမှာ မြို့အနီးရှိ ဒါတန်လာ ရေတံခွန်ကြီးပင်ဖြစ်သည်။ ဒါးလက်မြို့၏ရေတံခွန်များအနက် ယင်းရေတံခွန်ကျော် ကြားရခြင်းမှာ ရေတံခွန်ရှိရာတောင်အောက်သို့ ရိုလာကိုစတာကိုယ်တိုင် ထိန်းချုပ် မောင်းနှင်ကာ သွားရခြင်းကြောင့်ဖြစ်သည်။ ရေတံခွန်သို့ လူသွားလမ်းအတိုင်းသွားလာ နိုင်သော်လည်း သွားရခက်ခဲသဖြင့် ပိုပြီးသွားရလွယ်ကူအောင်၊ သစ်တောများမပျက် စီးအောင်၊ ပိုပြီးလည်း ပျော်ရွှင်ရအောင်ဆိုသည့်စိတ်ကူးဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ကျွန်မတို့ဆီက ပြင်ဦးလွင်ရှိဆင်းရခက်သည့် ပိတ်ချင်းမြောင်ရေတံခွန်ကိုလည်း ထို သို့ပြုလုပ်ထားပေးလျှင် မည်မျှကောင်းလိမ့်မည်နည်းဟု စိတ်ကူးမိပါ၏။ ရေတံခွန် အောက်ခြေမှ တောအုပ်လေးဖြတ်ကာ စီးဆင်းနေသည့် စမ်းချောင်းလေးအတိုင်း စမ်း ချောင်းပေါ်မှ Cable Car လည်း စီး၍ရသည်ဖြစ်ရာ အတော်ကို သာယာလှပါသည်။ ပန်းမြို့တော်ဖြစ်သည့်အတိုင်း ဒါးလက်မြို့မှာ ရုက္ခဗေဒဥယျာဉ် တစ်ခုလည်းရှိလို့နေပါ သည်။ အချစ်တောင်ကြားဟု အမည်ပေးထားကာ ပန်းရောင်စုံ များဖြင့်ပုံဖော်ထားသည့် ရုပ်တုများ၊ ပန်းခင်းများဖြင့် လှပသာယာလှပါသည်။ ထို့ပြင် မြို့ထဲမှာ ဗီယက်နမ်နိုင်ငံ ၏နောက်ဆုံးမင်းဆက်၏ နွေရာသီစံနန်းတော်လည်းရှိရာ ထိုနန်းတော်ထဲ ဗီယက်နမ် နန်းဝတ်နန်းစားများဝတ်ကာ မင်ခမ်းမင်းနားအဆောင်အယောင်များဖြင့် ဓာတ်ပုံရိုက် ရသည်မှာ ပျော်စရာကောင်းလှပါသည်။ မြို့၏အမြင့်ဆုံးတောင်ပေါ်မှာ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုရှိကာ ထိုဘုရားကျောင်းသို့ ကောင်းကင်ကြိုးဆွဲရထားလုံးလေး များစီးကာ သွားရောက်ရပါသည်။ ပြင်သစ်များတည်ခဲ့သောမြို့ဖြစ်ရာ ခရစ်ယာန် ဘုရားကျောင်းများလည်းရှိပြီး Domaine de Marie ဘုရားကျောင်းမှာ ပြင်သစ်နှင့် ဗီယက်နမ် ဗိသုကာလက်ရာများပေါင်းစပ်ဆောက်လုပ်ထားသဖြင့် နာမည်ကျော်ပါဧ။်။


အခုနောက်ပိုင်းမှာ သွားလာရလွယ်ကူသော ဗီယက်နမ်နိုင်ငံသို့ မြန်မာခရီးသွား များ အသွားများလျက်ရှိရာ ကျွန်မတို့ဆီက ပြင်ဦးလွင်မြို့လေးကဲ့သို့ ရာသီဥတု အေးချမ်းသာယာသလို လည်ပတ်စရာများ များစွာရှိနေသည့် ဒါးလက်မြို့သို့ သွား ရောက်လည်ပတ်နိုင်ရန် ရေးသားဖော်ပြလိုက်ရပါသည်။

vietnumdallas28-12

ယခင်တစ်ပတ်မှအဆက်
မောင်းသူမဲ့လေယာဉ် Drone များ ခေတ်စားလာချိန်တွင်ယင်းတို့ဖြင့် ကြက် မောက်ကျွန်းကို ဓာတ်ပုံရိုက်ရင်း ကျွန်းအလယ်၌ အသည်းနှလုံးပုံရေအိုင်ကြီးကို တွေ့မြင် မှတ်တမ်းတင်ခဲ့ပြီးနောက် နာမည်ကျော်ကြားလူသိများကာ အထူးသဖြင့် ထိုင်းမှ ခရီးသည်အများအပြား လာရောက်လေ့လာအပန်းဖြေလျက်ရှိကြသည်။ ရေအိုင်ဟု ဆိုသော်လည်း ပြင်ပမှ ပင်လယ်ပြင်နှင့် ကျောက်တောင်အောက်မှ ဆက်စပ်နေသဖြင့် ‘’ကျွန်းထဲက ပင်လယ်လေး’’ ဟု တင်စားခေါ်ဝေါ်နိုင်ပါသည်။ ကျောက်တောင် အပေါက်ဝအနီးတွင် Speedboat ကိုရပ်၍ ကျွန်းအတွင်းမှ ရေအိုင်သို့ ကြိုးသွယ် တန်းလိုက်ပြီး ကြိုးကိုကိုင်ကာ စာရေးသူတို့ ရေအိုင်သို့ ကူး ခတ်ဝင်ရောက်ခဲ့ကြသည်။ အဝင်၀ကျောက်တောင်အောက်တွင် ရေတိမ်သဖြင့် ရေကျလွန်းလျှင်လည်း အောက်မှ ကျောက်တုံး ကျောက်ခက်များနှင့် ထိနိုင်သကဲ့သို့ ရေတက်လွန်းလျှင်လည်း ဝင်ပေါက်ပိတ်သွားနိုင်သဖြင့် ပင်လယ်ရေအတက်အကျကို ချိန်ဆကာ ထိုကျွန်းသို့ ဝင်ရောက်လေ့ရှိသည်။ မိမိတို့အဖွဲ့များအပြင် အခြားသော ရေယာဉ်များဖြင့် လာရောက်ကြသူအချို့ကိုလည်း မြင်တွေ့ခဲ့ရပြီး ကျွန်းအဝင် အပေါက်ဝတွင် ရေတိမ်သဖြင့် ရေအောက်မြင်ကွင်းများကို ပိုမို၍နီးနီးကပ်ကပ် ကြည့်ရှုနိုင်ခဲ့ပါသည်။
ယင်းနောက် ၁ဝမိနစ်ခန့် မောင်းနှင်ပြီး ဧရာမကျွန်းကြီးတစ်ကျွန်းဖြစ်၍ ရှေ့တန်း ရေတပ်စခန်းတည်ရှိသည့် ဇာဒက်ကြီးကျွန်းအနီးသို့ ရောက်ရှိခဲ့သည်။ ဇာဒက် အော်ဟုခေါ်သည့် ပင်လယ်အော်ကဲ့သို့ကျွန်း၏ အစွန်းတစ်နေရာအနီးတွင် Speedboat ကိုရပ်နား၍ Snorkeling ပြုလုပ်ကြရာ ပိုမိုကြည်လင်ပြီး ထင်ရှားလှပသည့် ရေအောက်မြင်ကွင်းကို ကြည့် ရှုခဲ့ရာ နီမို (Nemo)ငါးလေးများနှင့် ငါးခြင်္သေ့များ ကိုပါ အံ့ဩဖွယ်ရာ မြင်တွေ့ခဲ့ရပါသည်။ စာရေးသူအနေဖြင့် ငွေဆောင်အနီးက ကျွန်းလျားရှည်၊ ထိုင်းနိုင်ငံဖူးခက်နှင့် ပတ္တယားကမ်းခြေအနီးမှ ကျွန်းများ၊ ဗီယက်နမ် နိုင်ငံမှ ဟလောင်းပင်လယ်အော်ရှိ ကျွန်းများ၊ မော်လဒိဗ်(Maldives) နိုင်ငံရှိကျွန်း များစသည်တို့၌ Snorkeling လုပ်ခဲ့ဖူးရာ ယခုတွေ့မြင်ခဲ့ကြသော မြိတ်ကျွန်းစုမှ သဘာဝအတိုင်း တည်ရှိနေသည့် ကျွန်းများ၏ ရေအောက်မြင်ကွင်းအလှက ပိုမို လှပသည်ဟု ဆိုချင်ပါသည်။ ကိုယ်ငါးချဉ်ကိုယ်ချဉ်သည်ဟု ပြောလျင်လည်း ခံရ မည်သာဖြစ်ပါသည်။ ယင်းမှ သူဋ္ဌေးကျွန်းသို့အပြန်ခရီးမှာ ၄၅မိနစ်သာကြာပြီး ရေကူးရေငုပ်ခဲ့သဖြင့် ပင်ပန်းနေကြသော်လည်း လတ်ဆတ်သန့်ရှင်းသည့် ပင်လယ် လေကို တစ်၀ကြီးရှုခဲ့ရသဖြင့် ပြန်လည်လန်းဆန်းလာခဲ့ကြရပါသည်။
နောက်တစ်နေ့တွင် ရန်ကုန်မြို့သို့ လေယာဉ်ဖြင့်မပြန်မီ ကော့သောင်မြို့ကိုဝင် ရောက်ခဲ့ရာယခင်က ဝိတိုရိယအငူ (Victoria Point) ဟု ခေါ်တွင်ခဲ့သည့် ဘုရင့် နောင်အငူ၊ ပင်လယ်ဘက်သို့ လှမ်းမျှော်ကြည့်နေသည့် ဘုရင့်နောင်ရုပ်တုကြီး၊ မြို့ဦးစေတီတော် ဟု အမည်တွင်သည့် ပြည်တော်အေးစေတီနှင့် ငါးသုံးလုံးတောင် တို့ကို ရောက်ခဲ့ပါသည်။ ကမ္ဘာ့မြေပုံတွင် တခမ်းတနားပါဝင်၍ မြန်မာနိုင်ငံ၏ တောင် ဘက်စွန်း ဖြစ်သည့် ဝိတိုရိယအငူမှာ ယခင်က ခြေတံရှည်အိမ်များနောက်မှကျောက် ဆောင်အငူစွန်းလေးအဖြစ် မိမိမြင်တွေ့ရောက်ရှိခဲ့ဖူးသော်လည်း ယခုအခါ ယင်းကို ဘုရင့်နောင်အငူအဖြစ် စနစ်တကျ ပြုပြင်မွန်းမံထားသဖြင့် စာရေးသူအလွန် ကျေ နပ်မိပါသည်။ အထူးသဖြင့် ယင်း၏အနီး ကုန်းမြင့်ပေါ်၌ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ဘုရင့်နောင်မင်းတရားကြီး၏ ရုပ်တုအား ကျူးကျော်လာမည့် တိုင်းတပါးတို့ကို ကာကွယ်ပေးရန် စောင့်ကြည့်နေသည့် ပုံစံဖြင့် ထုလုပ်ထားရှိပြန်ရာ ပိုမိုဝမ်းသာအားရ ဖြစ်မိပါသည်။ ၅၅၅ပေမြင့်သည်ဟုဆိုသည့် ငါးသုံးလုံးတောင်ထိပ်မှ ကော့သောင်မြို့၊ အနီးရှိမွေကျွန်း(မြွေကျွန်း)တို့အပြင် လူသိများလာသည့် ရတနာ ကျွန်းတို့ကိုလည်း ရှုမငြီးဖွယ်မြင်တွေ့ရပါသည်။ အချိန်တစ်ရက်ခန့်ပိုနေနိုင်သူများ သည် ကော့သောင်မြို့အနီးရှိ ပုလုံးတုံးတုံးကမ်းခြေနှင့် တစ်ဘက်နိုင်ငံရှိ ရနောင်း မြို့သို့ နေ့ချင်းပြန်သွားရောက်လေ့လာလေ့ရှိကြသည်။
နှစ်ညအိပ်ခရီးသာဖြစ်သော်လည်း သူဋ္ဌေးကျွန်းနှင့် ကော့သောင်မြို့အနှံ့ လေ့ လာနိုင်ခဲ့ရုံသာမက နာမည်ကျော်ကျွန်းလေးကျွန်း ခရီးစဉ်ကိုလည်း လှည့်လည်ကြည့် ရှုခဲ့စဉ် ကမ္ဘာလှည့်ခရီးသည် အများအပြား လာရောက်လေ့လာလျက်ရှိသည်ကို မြင်တွေ့ခဲ့ရာ မကြာမီကာလအတွင်း ပြည်မြန်မာတောင်ဘက်စွန်းနှင့် သာယာလှပ လွန်းသည့် မြိတ်ကျွန်းစုဒေသ (Mergui Archipelago)တို့သည်ပြည်တွင်းပြည် ပခရီးသွားဧည့်သည်များအကြား ပိုမိုရေပန်းစားလာဦးမည်မှာ မလွဲဧကန်အမှန်ပင် ဖြစ်ပါတော့သည်။ 

southmyanmar22-12

ယခင်တစ်ပတ်မှအဆက်
မြန်မာနိုင်ငံပိုင် သူဋ္ဌေးကျွန်းရှိ Grand Andaman Hotel မှာ ယခင်က ထိုင်းနိုင်ငံသားပိုင် ဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့် ၂နှစ်ခန့်မှစ၍ မြန်မာပိုင် ဖြစ်လာခဲ့သည်။
ယင်းတွင် အိပ်ခန်း ၂၀၅ခန်းရှိ၍ တည်းခိုခမှာ တစ်ညလျှင် ဒေါ်လာ ၁၂ဝခန့်မှ ၄၀၀ကျော်အထိ အမျိုးမျိုးအစားစားဖြစ်ပါသည်။ ကြယ်ငါးပွင့်အဆင့်ရှိနိုင်ငံတကာ အဆင့်မီ
ဟိုတယ်ကြီးဖြစ်၍ Games နှင့် Casino တို့လည်းရှိရာ Casino ၌ နိုင်ငံခြားသားများကိုသာ ဝင်ရောက်ခွင့် ပြုထားပြီး လာရောက်ကစားသူအများစုမှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြသည်။ ဟိုတယ်၌ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနနှင့် Duty free shop လည်းရှိသည်။ ထို့ပြင် Resort Hotel ဖြစ်သဖြင့် ကျွန်းပေါ်၌ ၁၈ကျင်းဂေါက်ကွင်းအပြင် Adventure Club လည်း ရှိရာ ATV (all-terrain vehicle ) ခရီးကြမ်းမောင်းလေးဘီးဆိုင်ကယ်များဖြင့် ကျွန်းပေါ်၌ လှည့်လည် မောင်းနှင်ကြည့်ရှုနိုင်သကဲ့သို့ zip-line ဖြင့် ကောင်းကင်ကြိုးအတိုင်းခိုစီးကာ တာဇံ ကဲ့သို့စွန့်စားကြည့်ရှုနိုင်ပြီး အသည်းယားဖွယ် ကြိုးတံတားဖြင့်လည်း သစ်ပင်မျှော်စင် သို့သွားရောက်ကာ လေ့လာနိုင်သည်။ ATVယာဉ်ဖြင့် ကျွန်းပေါ်မှ View Point သို့ သွားခဲ့ရာ ယင်းနေရာ၌ သဘာဝအတိုင်း ကုလားအုတ်ပုံကဲ့သို့ဖြစ်နေသည့် သစ်ပင်များကို တွေ့ခဲ့၍ ထိုနေရာမှ ပြည်မြန်မာ၏ တောင်ဘက်စွန်း ကော့သောင်မြို့၊ ညာဘက်၌ ပါချန်မြစ်၀နှင့် အဝေးမှ ထိုင်းနိုင်ငံရနောင်းမြို့တစ်ဝိုက်ကို လှမ်းမြင်ခဲ့ရပါသည်။ ကျွန်းပေါ်၌ Organic စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း စီစဉ်လျက်ရှိရာ မကြာမီကာလတွင် ဟိုတယ်ရှိ အစားအသောက်များနှင့် ဆပ်ပြာစသည်တို့ကို ဓာတုပစ္စည်းမပါဘဲ သဘာဝအတိုင်း ထုတ်လုပ်အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။
ယင်းဟိုတယ်၏ ထူးခြားချက်မှာ ကျွန်းပေါင်း ၈၀၀ကျော်ရှိသည့် မြိတ်ကျွန်းစု အတွင်းမှ ကော့သောင်မြို့အနီးရှိ ထူးခြားထင်ရှားသော ကျွန်းလေးကျွန်းသို့ speed-boat များဖြင့်
နေ့ခြင်းပြန် သွားရောက်လေ့လာနိုင်သည့် day-trip ခရီးစဉ်ကို စီစဉ်ထားခြင်းဖြစ်သည်။ ယင်းခရီးစဉ်မှာ တစ်ဦးလျှင် ဘတ် ၃၉၀၀ (ကျပ်တစ်သိန်းခွဲ ခန့်) ဖြစ်၍ ကျွန်းပေါ်၌ နေ့လည်စာ၊ အအေး၊ ရေသန့်၊ သစ်သီး တို့အပြင် ဟိုတယ်၌ ညစာလည်း အပါအဝင်ဖြစ်သည်။ ကော့သောင်မြို့ရှိ Victoria Cliff Hotel နှင့် ကော့သောင်ဆိပ်ကမ်းတို့မှလည်း လာ ရောက်လိုက်ပါစီးနှင်းနိုင်၍ နေ့စဉ် ထိုင်းစံတော်ချိန် နံနက် ၉နာရီ ၃၀(မြန်မာစံတော်ချိန် ၉နာရီ) တွင် ဟိုတယ် ဆိပ်ကမ်းမှ ထွက်ခွာပြီး ညနေ ၄နာရီကျော်၌ ပြန်ရောက်လေ့ရှိ သည်။ အိမ်သာ ပါဝင်သည့် speed-boat ပေါ်၌ အသက်ကယ်အင်္ကျီများ၊ ရေအောက်သို့ကြည့် ရှုနိုင်ရန် Snorkeling ပြုလုပ်နိုင်သည့် မျက်မှန်နှင့် အသက်ရှုကိရိယာများလည်း
အပြည့်အစုံ ပါဝင်သည်။ ဟိုတယ်သို့ပြန်ရောက်၍ ရေချိုးပြီး ရေကူးကန်၌ရေကူးကာ Sauna လည်း သုံးနိုင်သည်။ ဟိုတယ်မှာ ညအိပ်ပါက နှစ်ယောက်ခန်း၌ တစ်ဦးလျှင်
နောက် ထပ်ဘတ်၁၀၀၀ သာပေးရပြီး စုစုပေါင်း ဘတ် ၄၉၀၀ ကျသင့်ပါသည်။
စာရေးသူတို့လည်း ယင်းနာမည်ကျော် ကျွန်းလေးကျွန်းခရီးစဉ်ဖြင့် လိုက်ပါခဲ့ရာ ခရီးသည် ၁၀၀ကျော်ရှိ၍ speedboat သုံးစီးဖြင့် ခရီးနှင်ခဲ့ကြပါသည်။ နောက် တစ်နေ့
(စနေနေ့)တွင် ခရီးသည် ၁၃ဝခန့်ရှိ ၍ speedboat လေးစီးထွက်ရကြောင်း သိရသည်။ ရှေးဦးစွာ သူဋ္ဌေးကျွန်းမှ မြင်းခွာ(Horseshoe) ကျွန်းသို့ သွားစဉ် နေ့လည်စာအတွက်
ကြိုတင်ပြင်ဆင်နိုင်ရန် စေတန်ကျွန်းခေါ် Dunkin ကျွန်း (Tafook ကျွန်း)၌ ခေတ္တဝင်၍ အစားအသောက်များ ချထားပေးခဲ့သည်။ စုစု ပေါင်း၁နာရီခန့်အကြာတွင် မြင်းခွာ
ပုံသဏ္ဍာန်ရှိသည့် မြင်းခွာကျွန်းအနီးတွင် ရပ်နား၍ စာရေးသူတို့ အသက်ကယ်အင်္ကျီကိုယ်စီဖြင့် ပင်လယ်ရေထဲသို့ ဆင်းပြီး Snorkeling ပြုလုပ်ကြသည်။ အတူပါလာသည့်
နည်းပြက ရေအောက်ကြည့်မျက်မှန်ဖြင့် ရေအောက်ရှုခင်းများ ကြည့်ပုံကြည့်နည်းကို သင်ကြားပြသပြီးမြင်ကွင်းကောင်းသည့် နေရာများသို့ ခေါ်ဆောင်ကာ စုပေါင်းကြည့်ရှုကြသည်။ အချို့ကလည်း မိမိတစ်ဦး ချင်း ကူးခတ်လေ့လာခဲ့ကြသည်။ ကြည်လင်သောရေပြင်အောက်မှ လှပဆန်းကြယ် သည့် သန္တာကျောက်ခက်များနှင့် အသွေးအရောင်စုံငါးမျိုးစုံကို အနီးကပ်ကြည့်ရှုခွင့် ရခဲ့ရာ လွန်စွာစိတ်ဝင်စားစရာ ကောင်းလှပါသည်။ ယင်းနောက် နေ့လည်စာစားရန် အနီးရှိ စေတန်ကျွန်းသို့ ပြန်သွားရာ ၁ဝမိနစ်ခန့်အကြာတွင်
ရောက်ရှိပါသည်။ ထိုကျွန်းပေါ်၌ အလွန်နူးညံ့၍ ဖြူဖွေးသန့်ရှင်းလွန်းလှသော သဲသောင်ပြင်ကျယ်ရှိပြီး ဘေးဘက်၌ လှပသည့် ကျောက်ဆောင်များရှိရာ ဖြူလွလွသဲသောင်ပြင်
ပေါ်၌ စိတ်ရွင်လန်း ပေါ့ပါးစွာဖြင့် အများနည်းတူ စာရေးသူတို့လည်း ခုန်ပျံကာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြသည်။ အချို့က သစ်ပင်ရိပ်အောက်၌ ဒန်းစီးပြီးအချို့က ကျောက် ဆောင်နံဘေးတွင် အလှဓာတ်ပုံရိုက်ခဲ့ကြသည်။ စေတန်ကျွန်းမှ ၁၅မိနစ်ခန့် မောင်း နှင်ခဲ့ပြီးနောက် ကျွန်းလယ်၌ နှလုံးသား (Heart) ပုံ ရေအိုင်တည်ရှိနေသော
နာမည်ကျော် ကြက်မောက်ကျွန်းခေါ် Cocks Comb ကျွန်းသို့ ရောက်ခဲ့ပါတော့သည်။
ရှေ့တစ်ပတ်တွင်ဆက်လက်ဖတ်ရှုပါရန်
kawthaunggg15-12

More Articles ...