ယခင်တစ်ပတ်မှ အဆက်
လွိုင်ကော်မြို့ပြင်ရှိ လေ့လာစရာများအနက် စိတ်ဝင်းစားစရာအကောင်းဆုံး နေရာတစ်ခုမှာ ကြတ်ဂူပင်ဖြစ်ပါသည်။ လွိုင်ကော်မြို့၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ တွင် ကြတ်ဂူသဘာ၀ကာကွယ်တောနယ်မြေ၌ ပင်လယ်ရေပြင်မှ ပေ ၂၉၉၀ အမြင့် တွင်တည်ရှိသည့် ကြတ်ဂူမှာထုံးကျောက်(Limestone)နှင့် Dolomite ကျောက်တို့ ဖြင့် ဖွဲ့စည်းထားသော ကယားပြည်နယ်၏ယုံကြည်မှုဆိုင်ရာညွှန်းဆိုသော ထူးဆန်း လှသည့်သဘာ၀ဂူဖြစ်ကြောင်း ဂူတည်ရှိရာတောင်ခြေတွင်စိုက်ထူထားသည့် ဆိုင်းဘုတ် စာသားအရ သိရှိရသည်။ အချို့သော လမ်းညွှန်ဆိုင်းဘုတ်များ၌မူ ''ကျတ်ဂူ''ဟု ရေးသားထားသည်ကိုလည်း တွေ့ရသည်။ ဂူ၀ရှိရာ တောင်ပေါ်သို့ အနည်းငယ်တက်ရ၍ ဂူအတွင်း၌ ၂ ပေမှ ၁၅ ပေအထိရှည်သော သစ်လုံးထွင်းခေါင်းတလားများရှိကာ ထောင်လျက်လဲလျက်ရှိပြီး အချို့မှာ ပေ ၂၀၊ ၃၀ မြင့်သည့် ဂူမျက်နှာကျက်၌ရှိသည်ဟု ဆို သည်။ လွန်ခဲ့သည့် နှစ် ၇၀ ခန့်က ဂူအတွင်းသို့ ရောက်ဖူးသူများ၏အဆိုအရ ယင်း ခေါင်းတလားများအတွင်းတွင် အရိုးစုများရှိခဲ့သည်ဟု သိရသည်။ ယင်းနောက် အရိုး များကို စုပြီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း အချို့ကဆို၏။ ကမ္ဘာပေါ်ရှိ တရုတ်၊ ဖိလစ်ပိုင် စသည့်အချို့နိုင်ငံများ၏ဒေသအချို့နှင့် ဟာဝိုင်ယီကျွန်းများတွင် ဂူများအတွင်း၌ သင်္ဂြိုဟ် လေ့ရှိကြောင်း လေ့လာဖတ်ရှုခဲ့ရပါသည်။
တောင်ခြေရှိ ကြတ်ဂူတောရကျောင်းတိုက်မှ ဆရာတော်အားလျှောက်ထားသဖြင့် မီးစက်ထွန်းပေးရာ ဂူအတွင်းသို့ စာရေးသူတို့ ဝင်ရောက်နိုင်ခဲ့ပါသည်။ အတွင်းဘက်သို့ ပေပေါင်းများစွာသွားနိုင်၍ ပေ ၂၀၀၀ ခန့်အထိ မီးထွန်းပေးထားသော်လည်း ဖိနပ်မစီး ဘဲသွားရခြင်းဖြစ်ပြီး အချိန်လည်းမရသဖြင့် ပေ ၁၂၀၀ ခန့်အထိသာ စာရေးသူတို့ ရောက်ခဲ့ပါသည်။ ပေ ၁၈၀၀ ခန့်တွင် အောက်ဘက်ရှိ ရေကန်သို့ဆင်းသည့် လမ်းခွဲရှိ ကြောင်း လည်းသိရသည်။ ယခင်ကဂူအတွင်း၌ ဆိုလာမီးအချို့ကြိုးသွယ်၍ ထွန်းပေး ထားခဲ့ပြီး ယခုအခါ လျှပ်စစ်မီးစက်နှိုး၍သာ သွားနိုင်ပါသည်။ စာရေးသူတို့အနေဖြင့် ဂူအတွင်း၌ ပေ ၅၀၀ မှ ၁၂၀၀ ခန့်အထိ ခေါင်းတလားအပျက်အစီးများနှင့် တူသည့် သစ်သားအပိုင်းအစများစွာ မြင်တွေ့ခဲ့ရသော်လည်း အရိုးစုများကိုမူ မမြင်တွေ့ရခဲ့ပါ။ အချို့ကလည်းဂူအတွင်းရှိ လင်းနို့ချေးများဖြင့် ယခင်က ယမ်းပြုလုပ်ရာတွင် ပထမ အဆင့်၌ ထင်းအဖြစ်အသုံးပြုခဲ့သည့် သစ်တိုသစ်စများဖြစ်သည်ဟုဆိုကြောင်း သိရ သည်။ မိမိတို့အနေဖြင့်မူ မီးကျွမ်းထားသည့် သစ်တိုသစ်စများကိုတော့ မတွေ့ခဲ့ရပါ။
နောက်တစ်နေ့တွင် ငွေတောင်ပြည်ဟုလည်း အမည်တွင်သည့် ဒီမောဆို(အချို့ ကလည်း ဒီးမော့ဆိုဟုသုံးနှုန်းသည်)မြို့နယ်အတွင်း၌ တစ်နေကုန် လှည့်လည်လေ့လာ ခဲ့ပါသည်။ လွိုင်ကော်မြို့၏ ၁၀ မိုင်ခန့်အကွာရှိ ဒီမောဆိုမြို့သို့ ကားလမ်းမှာ ပြေပြစ် ကောင်းမွန်၍ လမ်းတစ်ဖက်တစ်ချက်၌ အိမ်ခြံဝင်းများဆက်စပ်နေပြီး မိနစ် ၂၀ ခန့် အကြာတွင်ရောက်ခဲ့ကြပါသည်။ ဒီမောဆိုမြို့တွင်းသို့ ရောက်သည်နှင့် နာမည်ကျော် ငွေတောင်ဆည်ကြီးကို ကားလမ်း၏ ဝဲဘက်တွင် ထင်ရှားစွာမြင်တွေ့ရသည်။ ၁၉၆၅ ခုနှစ်ကဖွင့်လှစ်ခဲ့၍ လယ်ဧကပေါင်း ၂၃၀၀၀ ခန့်ကို ရေသွယ်မြောင်းများဖြင့် ရေပေး ဝေလျက်ရှိသော ငွေတောင်ဆည်၏အရှေ့ဘက်တွင် ရွှေတောင်၊ ငွေတောင်နှင့် ပတ္တမြား တောင်ဟု အမည်တွင်သည့် တောင်သုံးလုံးကို လှမ်းတွေ့နေရပြီး သုဓနုမင်းသားနှင့် ငွေတောင်ပြည်ဘုရင်၏ အငယ်ဆုံးသမီးတော် ဒွေးမယ်နော်ကန္နရီမင်းသမီးလေးတို့ ၏ ဒဏ္ဏာရီဇာတ်လမ်းတွင်အဓိကပါရှိခဲ့သည့်ငွေတောင်နှင့် အနီးရှိငွေတောင်ရွာကို အစွဲပြု၍ ငွေတောင်ဆည်ဟု အမည်တွင်သည်ဟု ယူဆရသည်။ ယင်းဆည်ကြီးသည် အလွန်ကျယ်၍ ပတ်ဝန်းကျင်ရှုခင်းအလွန်သာယာပြီး လေကောင်းလေသန့်လည်း ကောင်းစွာရစေပါသည်။ ယင်းနောက် တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူးနေ့နှင့် စနေနေ့ သုံးရက်သာဖွင့်သော စည်ကားလှသည့် ဒီမော့ဆိုမြို့မဈေးကိုလည်း သွားရောက်လေ့ လာခဲ့ပါသည်။ ဒီမောဆိုမြို့အနီးရှိ ကျေးရွာများမှ အချို့က ပဒေါင်ဟုခေါ်သည့် လည် ပင်း၌ကြေးကွင်းစွပ်ထားသည့် ကယန်း၊ ကယော၊ ယင်းတလဲ၊ ယင်းဘော်၊ ဇယိမ်း စသည့်ကယားမျိုးနွယ်စု တိုင်းရင်းသားမျိုးစုံက ဒေသထွက်ကုန်များ၊ လက်မှုပစ္စည်းများ ကို လာရောက်ရောင်းချဝယ်ယူကြခြင်းဖြစ်ရာ ထူးခြားလှပါသည်။ အထူးသဖြင့် ဒေသ ထွက် ပျားရည်နှင့် ပြောင်းမှချက်လုပ်သည့် ခေါင်ရည်အမျိုးမျိုးကိုလည်း အစီအရီထိုင် ပြီးရောင်းချပေးလျက်ရှိရာ စိတ်ကြိုက်မြည်းစမ်းသောက်ကြည့်၍ ဝယ်ယူအားပေးနေ ကြသူများကိုလည်း မြင်တွေ့ရပါသည်။
မြို့ပြင်၌မူ ကမ္ဘာလှည့်ခရီးသွားများ အထူးစိတ်ဝင်စားကြည့် ကယန်းလူမျိုးများ နေထိုင်ရာ ပန်ပက်ကျေးရွာများ၊ ယင်းရွာများအနီးမှ ကယန်းလူမျိုးတို့၏ အမှတ်တရပစ္စည်းအရောင်းဆိုင်ဈေးတန်း၊ နာမည်ကျော်သည့်ကန်ခုနစ်ဆင့်နှင့် ထူးဆန်းလှသည့် သမိုင်းဝင်ထီးပွင့်ကန်တို့ကိုလည်း သွားရောက်လေ့လာခဲ့ရာ အလွန်စိတ်ဝင်စားစရာ ကောင်းလှပါသည်။
နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန် 

2-2-17demawsoA

 

ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့သို့ ယခင်က လုပ်ငန်းတာဝန်များဖြင့် သာ စာရေးသူရောက်ခဲ့ရာ နေရာအနှံ့လေ့လာခွင့်မရခဲ့ပါ။ သို့သော် ယခုအခါ ကမ္ဘာ လှည့်ခရီးသည်များအကြား ရေပန်းစားလာနေသည့် ကယားပြည်နယ်သို့ မကြာမီက လေ့လာ ရေးခရီးအဖြစ် နှစ်ရက်သာသွားရောက်ခဲ့ရာ လွိုင်ကော်မြို့နှင့် ဒီမောဆိုမြို့ တစ်ဝိုက် လေ့လာစရာများကိုရနိုင်သမျှ သွားရောက်လေ့လာဖြစ်ခဲ့ပါသည်။ ပထမနေ့တွင် လေယာဉ်ကွင်းမှစ၍ Amazing Kayah ခရီးသွားလုပ်ငန်းမှ Super Custom ကားကို စီးလုံးငှားပြီး လွိုင်ကော်မြို့ပေါ်နှင့် မြို့ပြင်တစ်ခွင်ကို သွားရောက်လေ့လာခဲ့ရာ စိတ်ရှည်စွာဖြင့် မငြီးမငြူလိုက်လံပို့ဆောင်ပေးသည့်အတွက် တည်းခိုမည့် Kayah Resort Hotel သို့ ည ၉ နာရီခန့်မှ ရောက်ရှိခဲ့ပါသည်။
တောင်များဝန်းရံလျက် မြို့လယ်မှ ဘီလူးချောင်းက ဖြတ်သန်းစီးဆင်းနေသည့် လွိုင်ကော်မြို့သည် ယခုအခါ ယခင်ထက် ပိုမို၍အထူးသန့်ရှင်းလှပနေသည်ကို စာရေးသူသတိပြုမိပါသည်။ ထို့ပြင် ဇန်နဝါရီလ ၁၅ ရက်တွင် ကျရောက်မည့် (၆၅) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ထားကြသည် များကိုလည်း တွေ့ခဲ့ရပါသည်။ မြို့ပေါ်တွင် နာမည်ကျော် သာယာလှပသည့် နောင် ယားကန်၊ မြို့လယ်က မြို့နာမ်စေတီတော်၊ ထူးခြားထင်ရှားလှသည့် သီရိမင်္ဂလာ (တောင်ကွဲ)စေတီတော်၊ ပြည်နယ်ယဉ်ကျေးမှုပြတိုက်၊ ကန္ဒရ၀တီဟော်ကြီးတို့ သာမက လွိုင်ကော်မြို့၏ နာမည်ကျော်အစားအစာများဖြစ်ကြသည့် ကယား ဝက်အူချောင်း၊ ကြက်အူချောင်းနှင့် ဟင်းထုပ်များပြုလုပ်ရောင်းချသည့်နေရာများကိုပါ လေ့လာခဲ့ပါသည်။ တောင်ကွဲစေတီမှာ အမှန်စင်စစ် ၃၈၇ ပေခန့်မြင့်၍ ကိုးစိတ်ကွဲနေသော ကျောက်တောင်ထွတ်များထက်တွင် စေတီတစ်ဆူစီတည်ထားခြင်းဖြစ်၍ အဝေးမှတစ်စု တစ်စည်းတည်း တွေ့မြင်ဖူးမြော်ရပါသည်။ ကျောက်တောင်တစ်ခုနှင့် တစ်ခုကိုလည်း တံတားငယ်များဖြင့် ဆက်သွယ်ထား၍ တောင်ကွဲစေတီတော်ရင်ပြင်မှ လွိုင်ကော် မြို့တစ်ခွင်၏ သာယာလှပပုံများကို လေးဘက်လေးတန် လှည့်ပတ်ကြည့် ရှုနိုင်ပါသည်။ ပြည်နယ်ယဉ်ကျေးမှုဗိမာန်ဟု အမည်တွင်သည့် စာကြည့်တိုက်နှင့် ပြတိုက်တွင် ကယားတိုင်းရင်းသားအမျိုးမျိုး၏ ဝတ်စားဆင်ယင်ပုံ၊ အသုံးအဆောင်၊ ပန်းချီကားနှင့် တူရိယာပစ္စည်းများကို ပြသထားရာ စိတ်ဝင်းစားစရာကောင်းလှပါသည်။ ၁၉၁၂ ခုနှစ်တွင် တည်ဆောက်ခဲ့သော နယ်ရှင်စော်ဘွားများ ရုံးစိုက်စိုးစံခဲ့ရာ ကန္ဒရ၀တီဟော်ကြီးကို ၁၉၉၄ ခုနှစ် ပြန်လည်ပြုပြင်ခဲ့ကြပြီး ယခုအခါ သီရီမင်္ဂလာပုံကျောင်း မင်္ဂလာဟော်ကြီး ပရိယတ္တိစာသင်တိုက်အဖြစ် တွေ့မြင်လေ့လာခဲ့ရပါသည်။
မြို့ပြင်၌မူ လောပီတရေအားလျှပ်စစ်စက်ရုံ၊ လောပီတ ရေတံခွန်၊ ကယားနှင့် ရှမ်းပြည်နယ်နှစ်ခု၏ နယ်စပ်ရှိ ထီးစဲခါးရေတံခွန်နှင့် ထူးဆန်းအံ့ဩဖွယ်ကောင်းလှသည့် ကြတ်ဂူ(အချို့ကလည်း ကျတ်ဂူဟုရေးကြသည်) တို့ကိုလည်း သွားရောက် လေ့လာဖြစ်ခဲ့ပါသည်။ ထီးစဲခါးရေတံခွန်သို့ သွားရာလမ်းအနီးရှိ လှပသည့် ကျောက် ပန်းဆွဲများရှိသော အောင်သပြေဂူသို့မူအချိန်မရတော့သဖြင့် မရောက်ခဲ့ပါ။ လွိုင် ကော်မြို့မှ အရှေ့တောင်ဘက် ၁၄ မိုင်ခန့်အကွာတွင် ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ရှိ၍ လောပီတရှိ ရေအားလျှပ်စစ်စက်ရုံ သုံးခုတွင် အကြီးဆုံးဖြစ်သည်။ ၁၉၅၈ ခုနှစ်က စတင်တည်ထောင်ခဲ့၍ တာဘိုင်စက် ကြီး ခြောက်လုံးရှိကာ တစ်လုံးစီမှ ၂၈ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း ၁၆၈ မဂ္ဂါဝပ်ထုတ်လုပ်နိုင် ကြောင်း သိရသည်။ အင်းလေးကန်မှ ရေကို မိုးဗြဲရေလှောင်တမံ၌ စုစည်းထိန်းသိမ်းထားပြီး ဘီလူးချောင်းမှတစ်ဆင့် ရေစီးဆင်းကာအဆင့်ဆင့်လျှပ်စစ်ဓာတ်အား ထုတ် ယူခြင်းဖြစ်သည်။ အမှတ်(၁)စက်ရုံမှ ၂၈ မဂ္ဂါဝပ်နှင့် နောက်ဆုံးတည်ဆောက်ခဲ့သည့် အမှတ်(၃) စက်ရုံမှ ၅၂ မဂ္ဂါဝပ်ထုတ်လျက်ရှိရာ လောပီတစက်ရုံများမှ စုစုပေါင်း လျှပ်စစ် ၂၄၈ မဂ္ဂါဝပ် ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။ အမှတ်(၂) စက်ရုံအနီးရှိ အေးချမ်းဆိတ်ငြိမ်လှသည့် တောတောင်ထဲရှိ လောပီတရေတံခွန် မှကျလာသည့် ဘီလူးချောင်းရေများမှာ ကြည်လင်၍ စိမ်းပြာရောင်သန်းလျက်ရှိ သည်ကိုတွေ့မြင်ရပါသည်။ လွိုင်ကော်မှ မြောက်ဘက်ရှိ တောင်ကြီးမှသွားသည့်ကားလမ်းအတိုင်း မိနစ် ၄၀ ခန့်သွား၍ လမ်းခွဲမှ ဘယ်ဘက်သို့ ၁၀ မိနစ်ခန့် ထပ်သွားပြီးနောက် ရှမ်း နှင့် ကယားပြည်နယ်နှစ်ခု၏နယ်စပ်ရှိ သာယာလှပသည့် ထီးစဲခါးရေတံခွန်သို့ရောက် ခဲ့ပါသည်။ ချောင်းကိုဖြတ်ရာ တံတားအလယ်ရှိ ကန္နာရီ၊ ကန္နရာမောင်နှံရုပ်ထုနှင့်အတူ ထိုရေတံခွန်အဆင့်ဆင့်၏ မြင်ကွင်းမှာ လွန်စွာလှပတင့်တယ်လွန်းလှပါသည်။
ဆက်လက်ဖတ်ရှုပါရန် 

26-1lwaikawunder

ရှေးခေတ်နှစ်ပေါင်းများစွာက ဩဇာအာဏာကြီးမား ယဉ်ကျေးမှုထွန်းကားခဲ့သော အီဂျစ်နိုင်ငံတွင် ပိရမစ်ကြီးများအပြင် လေ့လာစရာကျောင်းဆောင်များ၊ အဆောက် အအုံများများစွာ ရှိလို့နေပါသည်။ ၎င်းတို့အနက် အီဂျစ်နိုင်ငံ တောင်ဘက်အစွန်ဆုံးမှာ ရှိသော သမိုင်းဝင်အဆောက်အအုံ အဘူဆင်ဘဲလ်(Abu Simbel)ကျောင်းဆောင် ကြီးများမှာ မျက်နှာ၀ရှိကြီးမားခန့်ညားလှသည့် ရုပ်တုကြီးများကြောင့် ကမ္ဘာမှာ ထင် ရှားလို့နေပါ၏။ စာရေးသူ အီဂျစ်နိုင်ငံကို Tour Diamond ဖြင့် တစ်ပတ်တာ သွား ရောက်ခဲ့စဉ်က မြို့တော်ကိုင်ရိုမှ အစ္စဝန်မြို့သို့ ညအိပ်ရထားဖြင့်စီးပြီး ထိုမှတစ်ဆင့် ကားဖြင့်လေးနာရီကျော်ကြာ မောင်းရသည့် ထိုကျောင်းဆောင်ကြီးသို့ သွားရောက် ဖြစ်ခဲ့ပါသည်။
ယင်းသည် ရှေးဟောင်း နူဘီယံလူမျိုးစုများနေထိုင်ရာ အီဂျစ်ပြည်တောင်ပိုင်း တွင်ရှိပြီး UNESCO မှ အသိအမှတ်ပြု ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်အဆောက်အအုံ များဖြစ်သည့် နူဘီယံရှေးဟောင်းအဆောက်အအုံများအနက် တစ်ခုဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော် (1224BC)က နှစ် ၂၀ ကျော်ကြာ ဆောက် လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကတန်ခိုးဩဇာအာဏာကြီးမားခဲ့သော ရဲမ်ဆီ II ဘုရင်ကြီး က အီဂျစ်တောင်ပိုင်း အနီးဝန်းကျင်ဒေသများကို အင်အားပြသလိုသော ရည်ရွယ် ချက်ဖြင့် ဆောက်လုပ်ခဲ့သည့် ခမ်းနားကြီးကျယ်သော ကျောင်းဆောင်ကြီးများအနက် တစ်ခုဖြစ်ပါ၏။ ထိုကျောင်းဆောင်နှင့် ရုပ်တုကြီးများသည် ယခင်က သဲများဖုံး လွှမ်း နေပြီး ၁၈၁၃ ခုနှစ်မှ ရုပ်တုကြီးများရှိမှန်းသတိထားမိကာ ၁၈၁၇ခုနှစ်တွင် ဘုရား ကျောင်းထဲဝင်နိုင်သည်အထိ တူးဖော်နိုင်ခဲ့ပါသည်။ ထိုရုပ်တုကြီးများရှိရာကို နယ် မြေသစ်ရှာဖွေသူများကို လမ်းပြပေးခဲ့သော ဒေသခံနူဘီယံလူမျိုး အဘူဆင် ဘဲလ် ကို အစွဲပြုပြီး အဘူဆင်ဘဲလ်ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ အဘူဆင်ဘဲလ် ကျောင်းဆောင်ကြီးမှာ စိတ်ဝင်စားဖွယ်ရာ ထူးခြားချက်များစွာရှိလို့ နေပါသည်။ ပထမအချက်မှာ ပုံသဏ္ဏာန်ဆင်တူ ကျောင်း ဆောင်ကြီး နှစ်ခုကပ်ရပ်တည်ရှိနေခြင်းပါ။ ရဲမ်ဆီဘုရင် II က သူကိုယ်တိုင်အတွက် ကျောင်းဆောင်တစ်ဆောင်နှင့် သူ့မိဖုရား ခေါင်ကြီး နီဖာတာရီအတွက် ကျောင်းဆောင်တစ်ဆောင် ကပ်ရပ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်ထိုအခါက မိဖုရားအတွက် အဆောက်အအုံဆောက်လုပ်ပေး သည်မှာရှားပါးလှခြင်းကြောင့် ထူးခြားသည်ဟုဆိုရပေမည်။ မိဖုရားပေါင်းများစွာရှိ သည့်အနက် နီဖီတာရီ မိဖုရားအတွက်သာ ရည်ရွယ်ဆောက်လုပ်ထားခြင်းကလည်း မိဖုရားအပေါ်ထားသည့် မေတ္တာကို တွေ့မြင်ရပါသည်။
နောက်ထပ်ထူးခြားချက်မှာ ကျောက်တောင်နံရံကို ထွင်းထားသည့် ထိုကျောင်းဆောင်ကြီးနှစ်ခုစလုံးမှာ မူလက ထိုနေရာမှာ မဟုတ်ကြပေ။ နိုင်းမြစ်မကြာ ခဏရေ လျှံခြင်းမှ သက်သာအောင်ဆောက်ထားသည့် အစ္စဝန်(Aswan) ရေကာတာ ကြီးကြောင့် လူလုပ်ရေကန်ကြီး နာဆာကန်ပေါ်ပေါက်လာသည့်အခါ မူလနေရာမှာ ရေအောက်ရောက်တော့မလိုဖြစ်ခဲ့ပါ၏။ ထို့ကြောင့် မူလနေရာမှ ရေလွတ်ရာဖြစ်သည့် ၆၅ မီတာပိုမြင့်ပြီး ၂၀၀ မီတာအကွာမှာရှိသည့် ယခုနေရာသို့ ကျောက်တောင်ကြီးနှင့် ကျောက်ရုပ်ကြီးများ ကျောင်းဆောင်ကြီးများကို တစ်လွှာခြင်းဆီ တစ်ပိုင်းခြင်းဆီ ဖြတ်ထုတ်ပြီးရွှေ့ပြောင်းကာ မူလလက်ရာမပြတ်အောင် နည်းစနစ်တကျ ပြန်ဆောက်လုပ်ခဲ့ရကြောင်းသိရသည်။ နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ရန်ပုံငွေများဖြင့် အမေရိကန်ဒေါ်လာသန်းလေးဆယ်နီးပါး အကုန်အကျခံကာ ၁၉၆၄ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ ၄ နှစ်တာအချိန်ယူပြီး ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပါသည်။
ထိုကျောင်းဆောင်ကြီးနှစ်ခုအနက် ရမ်ဆစ် II ဘုရင်ကြီး၏ ကျောင်းဆောင် ရှေ့မျက်နှာစာတွင် အရှေ့အရပ်သို့မျက်နှာမူနေသည့် ယင်း၏ပုံတူဧရာမရုပ် တုကြီး လေးခုကို ထိုင်လျှက်ပုံစံထွင်းထုထားပြီး မိဖုရားနှင့် သားသမီးများရုပ်တုလေးများကို အရုပ်များဧ။် အောက်ခြေနားမှာ ဒူးခေါင်းအရွယ်အစားရုပ်တုလေးများထွင်းထုထား သည်ကို တွေ့ရပါသည်။ ဘုရင်မကြီးကျောင်းဆောင်တွင်မူ မတ်တပ်ရပ်အနေ အထားနှင့် ရုပ်တုခြောက်ရုပ်ကို တွေ့ခဲ့ရပါသည်။ ကျောင်းဆောင်ကြီးများသည် အပြင်ဘက်သာမက အတွင်းဘက်နံရံများ၊ ကျောက်ထွင်းပန်းချီများ၊ တိုင်လုံးများနှင့် ရုပ်တုများမှာလည်း ရင်သက်ရှုမောဖွယ်ကောင်းအောင် အနုစိတ်လှပါသည်။
ရမ်ဆစ်ဘုရင်ကြီး၏ ကျောင်းဆောင်အတွင်းဘက်အခန်းငယ်မှာ နတ်မင်းကြီး သုံးပါးနှင့် ဘုရင်ကြီး၏ ရုပ်တုများကိုထိုင်ရပ်အနေအထားအတိုင်းတွေ့နိုင်ပါသည်။ ထိုရုပ်တုများသို့ တစ်နှစ်လျှင် နှစ်ရက်သာ အလင်းရောင်ကျရောက်အောင် ဆောက် လုပ်ထားကြောင်းသိရသည်။ ဘုရင်ကြီး၏ မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၂၁ ရက် နှင့် ဘိသိက်ခံယူသည့် အောက်တိုဘာလ ၂၁ ရက် နေ့များမှသာ ရုပ်တုများပေါ်သို့ နေရောင်ကျအောင်ချိန်ဆတွက်ချက်ပြီး ဆောက်လုပ်ခဲ့သည်မှာ ထူးခြားလှပါသည်။ ပိုပြီးထူးခြားသည်မှာ ရုပ်တုလေးရုပ်အနက် အမှောင်ကမ္ဘာနှင့်ဆက်သွယ်နေသည့် နတ်ဘုရားပီထာပေါ်သို့ကွက်ပြီး နေရောင်မကျအောင် ဆောက်လုပ်ထားခြင်းပါ။ ရှေးခေတ်အီဂျစ်လူမျိုးများ၏ဗိသုကာလက်ရာမှာ နှောင်းလူတွေလက်ဖျားခါလောက်သည့်အထိပင် အံ့ဩဖွယ်ကောင်းလှပေသည်။ ယခုအခါ မူလထက်ပိုမြင့်သည့် နေရာသို့ ရွှေ့ပြောင်းခဲ့ရခြင်းကြောင့် ထိုရက်များထက် တစ်ရက်စီ နောက်ကျပြီးမှသာ ရုပ်တုများပေါ် နေရောင်ကျရောက်နိုင်ပေသည်။ ထိုသို့ ထူးခြားအံ့ဩဖွယ် ကောင်းလှသည့် အဘူဆင်ဘဲလ်ကျောင်းဆောင်ကြီးသို့ အီဂျစ်ရောက်ဖြစ်ခဲ့လျှင်သွားရောက် လေ့လာသင့်ပါကြောင်းတိုက်တွန်းလိုက်ရပါသည်။

19-1abusimbel

 

ရှေးနှစ်ပေါင်း ၄၀၀၀ကျော်ကတည်းက အခိုင်အမာရှိခဲ့တဲ့ ကမ္ဘာ့ရှေးဟောင်းအံဖွယ်ခုနှစ်ပါးထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ ဂီဇာပိရမစ်ကြီးတွေကို မျက်ဝါးထင်ထင် မြင်တွေ့ချင်တာကြာပါပြီ။ တိုက်ကြီးငါးတိုက်ထဲမှာ နောက်ဆုံးရောက်ဖို့ကျန်နေတဲ့ အာဖရိကတိုက်ကိုလည်းသွားချင်တာကြာပါပြီ။ ဒါကြောင့် ဒီနှစ်သစ်ကူးပိတ်ရက် အတွင်း Tour Diamond ရဲ့ အီဂျစ်ခရီးစဉ်နဲ့အတူ အီဂျစ်နိုင်ငံသို့တစ်ပတ်အကြာ သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်းမှာ ပိရမစ်ပုံသဏ္ဏာန် အဆောက်အအုံ တွေများစွာရှိလို့နေပါတယ်။ အီဂျစ်နိုင်ငံကတော့ ပိရမစ်နဲ့ ကမ္ဘာကျော်သလို အီဂျစ်မှာ ပိရမစ်ပေါင်းရာကျော်ရှိ နေဆဲပါ။ တခြားနိုင်ငံတွေမှာ ပိရမစ်ကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ဆောက်လုပ်ခဲ့ကြပေမဲ့ အီဂျစ်ကတော့ ဖာရိုဘုရင်တွေနတ်ရွာစံတဲ့အခါ မံမီရုပ် အလောင်းပြုလုပ်ပြီးမြှုပ်နှံဖို့ ဆောက်လုပ်ခဲ့ကြတာပါ။ သေပြီးတမလွန်ဘ၀မှာ အသုံး ပြုနိုင်ဖို့ ပိုင်ဆိုင်သမျှ ရတနာတွေနဲ့ နေ့စဉ်အသုံးပြုခဲ့တဲ့ ပရိဘောဂတွေကိုပါ ပိရမစ် ကြီးတွေထဲတစ်ခါတည်း ထည့်မြှုပ်ခဲ့ကြတာပါ။
ကမ္ဘာမှာနာမည်အကျော်ဆုံး ပိရမစ်တွေကတော့ ဂီဇာမြို့က ပိရမစ်တွေပဲဖြစ်ပါ တယ်။ ဂီဇာမြို့အနီးအနားမှာတင်ရှိပြီး ဂီဇာမြို့ကနေလှမ်း မြင်ရတဲ့ ပိရမစ်ကြီးတွေက ရင်သပ်ရှုမောဖွယ်ရာပါ။ ထုထည်ကြီးမားကျယ်ပြန့်လှသလို သားစဉ်မြေးဆက်ဆောက် ခဲ့တဲ့ ပိရမစ်ကြီးသုံးခု အတန်းလိုက်ရှိနေတာကလည်း အံ့အားသင့်စရာပါ။ အဲ့ထဲက အကြီးဆုံး ချီးယပ်စ်ပိရမစ်ကို အဖေဖြစ်သူ ခူဖူဘုရင်ကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀ ကျော်ကဆောက်လုပ်ခဲ့တာပါ။ အမြင့်ပေ ၄၅၅ ပေ(အထပ်၅၀ မြင့်တဲ့တိုက်တစ် တိုက်စာ)ရှိပြီး အောက်ခြေအနားတစ်ဖက် ၇၅၅ ပေစီ(တင်းနစ်ကွင်းအခု ၂၀၀ စာ) ရှိတာကြောင့် ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံအဖြစ် နှစ်ပေါင်း ၄၃၀၀ ကျော် ရပ် တည်ခဲ့တာပါ။ ၁၈၈၉ ခုနှစ်မှာဖွင့်လှစ်ခဲ့တဲ့ ပြင်သစ်နိုင်ငံရှိ အီဖယ်တာဝါကြီးက ပိုမြင့်ခဲ့ လို့ ဒီချီယပ်စ်ပိရမစ်ကြီးကိုကျော်တက်ခဲ့ပါတယ်။ ဒါတောင် ဒီပိရမစ်ကြီးက မူလအ မြင့်ပေ ၄၈၈ ပေရှိခဲ့တာပါ။ ဒီပိရမစ်ကြီးကို ၂ ဒသမ ၅ တန်ကနေ ၁၅ တန်အထိလေး တဲ့ကျောက်တုံးကြီးတွေ အတုံးပေါင်း နှစ်သန်းကျော်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး အ လုပ်သမားပေါင်း ၁၀၀၀၀ နဲ့ အနှစ် ၂၀ကျော်ကြာဆောက်လုပ်ခဲ့ရတာပဲဖြစ်ပါတယ်။
အလယ်မှာ ရှိတာကတော့ သားဖြစ်သူ ခါဖရာဘုရင် ဆောက်လုပ်ခဲ့တဲ့ ပိရမစ် ကြီးပါ။ ဖခင်ရဲ့ ခူဖူပိရမစ်ထက် နိမ့်အောင် ဆောက်ရလို့ အမြင့်ပေ ၄၄၆ ပေသာရှိ ပေမဲ့ ပိုမြင့်တဲ့ တောင်ကုန်းပေါ်တက်ဆောက်ထားလို့ အလယ်မှာ အမြင့်ဆုံးပိရမစ်လို ဖြစ်နေတာပါ။ ပြီးတော့ ပိရမစ်မုခ်ဦးမှာ ထုထားတဲ့ မဟာမနုဿီဟရုပ်တုကြီးကလည်း ထည်ဝါလှပါတယ်။ အမြင့် ၆၅ ပေ အရှည် ၂၄ ပေရှိ ဒီရုပ်တုကြီးဟာ ဘုရင်ခေါင်း ခြင်္သေ့ကိုယ်နဲ့ ဖြစ်နေပြီး ပိရမစ်ကြီးကို စောင့်ရှောက်နေသယောင် ပိရမစ်ကြီးတွေနဲ့ အလွန်ပနံသင့်လှပါတယ်။ ဒီအရုပ်ကြီးတွေက ရှေးဟောင်းအီဂျစ်သာမက ခေတ်သစ်အီဂျစ်ရဲ့သင်္ကေတဖြစ်နေဆဲပါ။ နောက်ဆုံးတစ်ခုဖြစ်တဲ့ မန်ကာရီပိရမစ်က တော့ မြေးဖြစ်သူဆောက်ခဲ့ပြီး ၂၁၆ ပေသာမြင့်လို့ အသေးဆုံးပိရမစ်ပဲဖြစ်ပါတယ်။ ဒီပိရမစ်သုံးခုဟာ နိုင်းမြစ်အနောက်ဘက်ကမ်းမှာရှိပြီး တစ်ခုပေါ်တစ်ခု အရိပ် မထပ်အောင် နေမကွယ်အောင် အရှေ့မြောက်ကနေ အနောက်တောင်လားရာ အတိုင်းဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ အနီးအနားမှာ မိဖုရားတွေအတွက် ဆောက်လုပ်ခဲ့တဲ့ ပိရမစ်အသေးလေးတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ပိရမစ်ကြီးထဲ ဝင်ကြည့်ချင်ရင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာထပ်ပေးရပါတယ်။ စာရေးသူလည်း ပိရမစ်တွေအကြောင်းစိတ်ဝင်စားလို့ အကြီးဆုံး ခူဖူပိရမစ်ကြီးထဲ ဝင်ကြည့်ဖြစ်ခဲ့ ပါတယ်။ မူလဝင်ပေါက်က မြောက်ဘက်အရပ် အမြင့်ပေ ၁၆၄ ပေအမြင့်မှာ ရှိပေမဲ့ တကယ်ဝင်ကြည့်ရတဲ့ အပေါက်က ဂူဖောက်သမားတွေ ဂူသူခိုးတွေ အသုံးပြုခဲ့တဲ့ အပေါက်ပါ။ လှိုဏ်ဂူလို လမ်းနဲ့ တစ်ယောက်စာသာကုန်းကွပြီး ဆင်ခြေလျှော အတိုင်းတက်ရတဲ့ လှိုဏ်ခေါင်းကျဉ်းကျဉ်းဖြတ်ကျော်အပြီးမှာ Grand Galley လို့ ခေါ်တဲ့ မျက်နှာကျက်အမြင့်ကြီးရှိတဲ့ ဆင်ခြေလျှောလမ်းဆီရောက်ပါတယ်။ ၂၈ ပေနီးပါးအမြင့်ရှိပြီး ၁၅၇ ပေရှည်တဲ့ ဒီလမ်းကြီးဟာ အင်မတန်ခမ်းနားပါတယ်။ အဲ့ လမ်းအဆုံးမှာ ဘုရင်အုတ်ဂူထည့်ထားရာ အခန်းတစ်ခုကိုတွေ့ရပါတယ်။ ဂူဖောက် သမားတွေကြောင့် အခန်းထဲရော လမ်းတလျှောက်မှာ ဘာပစ္စည်းမှ ရှိမနေတော့ ပါဘူး။ ပစ္စည်းတွေပါရှိနေရင် ဘယ်လောက်များ ခမ်းနားလိမ့်မလဲတွေးမှတ်မိပါရဲ့။ တခြားလမ်းခွဲတစ်ခု ပိတ်ထားတာတွေ့ရပြီး အဲ့လမ်းကသွားရင် မိဖုရားခေါင်ကြီးရဲ့ အုတ်ဂူမြှုပ်နှံထားတယ်လို့ သိရပါတယ်။ အကြီးဆုံး ခူဖူပိရမစ်ကြီးရဲ့ အနားမှာ ဘုရင်ကြီး ရုပ်အလောင်းကို နိုင်းမြစ်တလျှောက်သယ်လာခဲ့တဲ့၊ ဘုရင်ကြီး ဈာပနမှာ အသုံးပြုခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ အကြာက ရှေးဟောင်းရွက်လှေကြီးကိုလည်း တွေ့ မြင်နိုင်ပါတယ်။
အီဂျစ်ကပိရမစ်ကြီးတွေဟာ ဖာရိုဘုရင်တို့ရဲ့ သချုØင်းဂူသက်သက်သာ မဟုတ် ပါဘူး။ နှစ်ပေါင်းများစွာတိုင် မပျက်မစီးဘဲ မားမားမတ်မတ် ရပ်တည်နေနိုင်တာကြောင့် လူတို့ရဲ့စွမ်းအားကို ပြနေတဲ့ ပြယုဂ်ကြီးတစ်ခုလည်း ဖြစ်နေပါတယ်။ ရှေးခေတ် အံ့ မခန်းဖွယ်ရာဆောက်လုပ်ရေးနည်းပညာတွေ၊ ယုံကြည်ချက်တွေ၊ အယူဝါဒတွေ ကလည်း စိတ်ဝင်စားဖွယ်ကောင်းလှလို့ ကမ္ဘာ့အံ့ဖွယ်အဆောက်အအုံကြီးတွေထဲ ထိပ်ဆုံးကနှစ်ပေါင်းများစွာ နေရာယူခဲ့နိုင်တာလည်း မဆန်းပါဘူးလေ။

egyptpramid12-1

လက်ဖက်ခင်းများနှင့် ဒါးလက်မြို့ရှုခင်း

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိတောင်ပေါ် အပန်းဖြေစခန်းမြို့လေးဖြစ်သော ဒါးလက်မြို့လေးသည် ကျွန်မတို့ဆီမှ မေမြို့(ခေါ်)ပြင်ဦးလွင်မြို့လေးနှင့် အတော် လေးကိုတူပါသည်။ ပြင်ဦးလွင်မြို့မှာ နာမည်ငါးမျိုးရှိသလို ဒါးလက်သည်လည်း ငါး မည်ရမြို့လေးပါပဲ။ မြို့အနှံ့ပန်းရောင်စုံပွင့်ဖူးနေ၍ ပန်းမြို့တော်၊ ညားခါစ ဇနီး မောင်နှံများ ဟန်းနီးမွန်းထွက်ရာမြို့ဖြစ်၍ အချစ်မြို့တော်၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှ အီဖယ်တာဝါပုံစံ တယ်လီဖုံးတာဝါတိုင်လေးကို မြို့လယ်မှာ ဆောက်လုပ်ထားရှိခဲ့၍ Little Paris ထင်းရှူးတောတွေပေါများ၍ ထင်းရှူးမြို့တော်နှင့် တောင်ပေါ်မြို့ ဖြစ်ကာ အမြဲမပြတ်မြူဆိုင်းနေသော သာယာအေးမြသည့် ရာသီဥတုကြောင့် ထာဝရ နွေဦးမြို့တော်ဟူပြီး အမည်အမျိုးမျိုးခေါ်ဝေါ်ကြကြောင်း သိရပါသည်။


ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၄၉၀၀ အထက်မှာရှိသောကြောင့် ရာသီ ဥတုသာယာအေးမြလှသည့် ဒါးလက်မြို့လေးကို ယခုနှစ်ဒီဇင်ဘာလအတွင်းက Tango Tour & Trek ၏စားရိတ်ငြိမ်းခရီးစဉ်နှင့်အတူ ရောက်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ကျွန်မ တို့သည် တောင်ပိုင်းရှိစက်မှုမြို့တော် ဟိုချီမင်းမြို့လေးမှ ကန္တာရလိုဖြစ်နေသော ကြောင့် နာမည်ကျော်နေသည့် သဲဖြူသဲနီတောင်ကုန်းတွေရှိရာ မွေ့နဲမြို့သို့ ကားဖြင့် ငါးနာရီကျော်ကြာမောင်းပြီး ထိုမြို့တွင် တစ်ညအိပ်ကာ နောက်တစ်ရက်တွင် ထိုမြို့မှ ဒါးလက်မြို့သို့ ကားဖြင့် ငါးနာရီကြာသွားခဲ့ခြင်းဖြစ်ပါသည်။ ၁၈၉၀ ပြည့်နှစ်များက ပြင်သစ်ကိုလိုနီလက်အောက်ကျရောက်ခဲ့စဉ်က ပြင်သစ်အစိုးရက တောင်ပေါ်အပန်း ဖြေစခန်းအဖြစ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သောကြောင့် ထိုမြို့လေးရှိ အိမ်လေးများနှင့် ရှေးဟောင်းအဆောက်အအုံများမှာ ပြင်သစ်ဗိသုကာလက်ရာများလွှမ်းခြုံနေပါသည်။ အိမ်ခေါင်မိုးချွန်ချွန်လေးများဖြင့် မြို့လေးက ဥရောပရှိ ပြင်သစ်ရွာလေးဆီရောက် နေသလို ခံစားရပါ၏။


ဒါးလက်မြို့လေးသို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်ကြသည့် အဓိကအချက်တစ်ချက်မှာ ထိုမြို့လေးရှိ Hang Nga Guest House ကြောင့်ပင် ဖြစ်သည်။ Crazy House (စိတ္တဇအိမ်)ဟု လူသိများကာ စိတ်ကူးဆန်းကြယ်ထူး ခြားလွန်းလှသည့် ဗိသုကာလက်ရာများကြောင့် နာမည်ကျော်နေခြင်းဖြစ်သည်။ ဧရာ မညောင်ပင်ကြီးကို အခြေခံကာဆောက်လုပ်ထားရာ စိတ်ကူးယဉ်ပုံပြင်ထဲက အိမ် လေးတွေ၊ ကာတွန်းကားတွေထဲက အိမ်လေးတွေလိုဖြစ်နေပါသည်။ ထိုအိမ်ကို ဗီ ယက်နမ်ဗိသုကာပညာရှင် အမျိုးသမီးဟန်ငါက ကိုယ်ပိုင်ပရောဂျက်အဖြစ် ၁၉၉၀ တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ယခုအခါ အများပြည်သူကြည့်ရှုလေ့လာနိုင်ရန် ပြတိုက် အဖြစ်ဖွင့်လှစ်ပြသထားသည်။ ညအိပ်တည်းခိုလိုပါကလည်း တည်းခိုနိုင်ကြောင်း သိရသည်။ အိပ်ခန်းတစ်ခန်းစီကို တောတွင်းတိရစ္ဆာန်တစ်ကောင်ချင်းစီအလိုက် စိတ် ကူးကာဆောက်ထားခြင်းဖြစ်ပြီး တစ်နေရာနှင့်တစ်နေရာအကူး လျှောက်လမ်းများကို လိုဏ်ခေါင်းသဖွယ်ဆောက်ထားခြင်းဖြစ်ရာ တောတွင်းလိုဏ်ဂူများအတွင်းရောက် နေသလိုလည်း ခံစားရပါသည်။


ဒါးလက်မြို့ကို နောက်ထပ်ဆွဲဆောင်နေသည့်နေရာမှာ မြို့အနီးရှိ ဒါတန်လာ ရေတံခွန်ကြီးပင်ဖြစ်သည်။ ဒါးလက်မြို့၏ရေတံခွန်များအနက် ယင်းရေတံခွန်ကျော် ကြားရခြင်းမှာ ရေတံခွန်ရှိရာတောင်အောက်သို့ ရိုလာကိုစတာကိုယ်တိုင် ထိန်းချုပ် မောင်းနှင်ကာ သွားရခြင်းကြောင့်ဖြစ်သည်။ ရေတံခွန်သို့ လူသွားလမ်းအတိုင်းသွားလာ နိုင်သော်လည်း သွားရခက်ခဲသဖြင့် ပိုပြီးသွားရလွယ်ကူအောင်၊ သစ်တောများမပျက် စီးအောင်၊ ပိုပြီးလည်း ပျော်ရွှင်ရအောင်ဆိုသည့်စိတ်ကူးဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ကျွန်မတို့ဆီက ပြင်ဦးလွင်ရှိဆင်းရခက်သည့် ပိတ်ချင်းမြောင်ရေတံခွန်ကိုလည်း ထို သို့ပြုလုပ်ထားပေးလျှင် မည်မျှကောင်းလိမ့်မည်နည်းဟု စိတ်ကူးမိပါ၏။ ရေတံခွန် အောက်ခြေမှ တောအုပ်လေးဖြတ်ကာ စီးဆင်းနေသည့် စမ်းချောင်းလေးအတိုင်း စမ်း ချောင်းပေါ်မှ Cable Car လည်း စီး၍ရသည်ဖြစ်ရာ အတော်ကို သာယာလှပါသည်။ ပန်းမြို့တော်ဖြစ်သည့်အတိုင်း ဒါးလက်မြို့မှာ ရုက္ခဗေဒဥယျာဉ် တစ်ခုလည်းရှိလို့နေပါ သည်။ အချစ်တောင်ကြားဟု အမည်ပေးထားကာ ပန်းရောင်စုံ များဖြင့်ပုံဖော်ထားသည့် ရုပ်တုများ၊ ပန်းခင်းများဖြင့် လှပသာယာလှပါသည်။ ထို့ပြင် မြို့ထဲမှာ ဗီယက်နမ်နိုင်ငံ ၏နောက်ဆုံးမင်းဆက်၏ နွေရာသီစံနန်းတော်လည်းရှိရာ ထိုနန်းတော်ထဲ ဗီယက်နမ် နန်းဝတ်နန်းစားများဝတ်ကာ မင်ခမ်းမင်းနားအဆောင်အယောင်များဖြင့် ဓာတ်ပုံရိုက် ရသည်မှာ ပျော်စရာကောင်းလှပါသည်။ မြို့၏အမြင့်ဆုံးတောင်ပေါ်မှာ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုရှိကာ ထိုဘုရားကျောင်းသို့ ကောင်းကင်ကြိုးဆွဲရထားလုံးလေး များစီးကာ သွားရောက်ရပါသည်။ ပြင်သစ်များတည်ခဲ့သောမြို့ဖြစ်ရာ ခရစ်ယာန် ဘုရားကျောင်းများလည်းရှိပြီး Domaine de Marie ဘုရားကျောင်းမှာ ပြင်သစ်နှင့် ဗီယက်နမ် ဗိသုကာလက်ရာများပေါင်းစပ်ဆောက်လုပ်ထားသဖြင့် နာမည်ကျော်ပါဧ။်။


အခုနောက်ပိုင်းမှာ သွားလာရလွယ်ကူသော ဗီယက်နမ်နိုင်ငံသို့ မြန်မာခရီးသွား များ အသွားများလျက်ရှိရာ ကျွန်မတို့ဆီက ပြင်ဦးလွင်မြို့လေးကဲ့သို့ ရာသီဥတု အေးချမ်းသာယာသလို လည်ပတ်စရာများ များစွာရှိနေသည့် ဒါးလက်မြို့သို့ သွား ရောက်လည်ပတ်နိုင်ရန် ရေးသားဖော်ပြလိုက်ရပါသည်။

vietnumdallas28-12

More Articles ...