မကြာမီက ထိုင်ဝမ်ကျွန်း၊ တိုင်ပေမြို့တွင် ကျင်းပသည့် ၂၅ ကြိမ်မြောက် ထိုင်ဝမ် ၏ အရည်အသွေးသစ်အကောင်းဆုံးကုန်ပစ္စည်းသစ်များ ဆုချီးမြှင့်ပွဲ (2017 Taiwan Excellence  Award)အခမ်းအနားကို တက်ရောက်ရင်း ဆုရပစ္စည်းသစ်များထုတ်လုပ် ရာ ကုမ္ပဏီ၊ စက်ရုံအချို့သို့ သွားရောက်လေ့လာရန် ထိုင်ဝမ်၏တတိယမြို့တော်ဖြစ်သည့် ထိုင်ချွန်းမြို့(Taichung)သို့ စာရေးသူရောက်ခဲ့ပါသည်။
ထိုင်ဝမ်၏ အသေးစားနှင့်အလတ်စား စက်မှုပစ္စည်းများအဓိကထုတ်လုပ်သည့် စက်မှုမြို့တော်ဖြစ်သည့် ထိုင်ချွန်းမြို့သည် ထိုင်ဝမ်ကျွန်း၏ အလယ်ပိုင်းအနောက် ဘက် ကမ်းခြေအနီးတွင်တည်ရှိပြီး တိုင်ပေမြို့နှင့် ကောင်းရှုံမြို့(Kaohsiung)မြို့တို့ ပြီးလျှင် ထိုင်ဝမ်၏အကြီးဆုံးမြို့တစ်မြို့ဖြစ်သည်။ ကောင်းရှုံမြို့ကမူ အကြီးစားစက်မှု ပစ္စည်းများထုတ်လုပ်ရာဖြစ်သည်။ Made in Taiwan ဟု အမည်တွင်သည့် လျှပ်စစ်ပစ္စည်း၊ စက်ဘီး၊ ဆိုင်ကယ်၊ တူရိယာပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဖိနပ်၊ ကလေးကစားစရာ စသော အသေးစားနှင့်အလတ်စားစက်မှုထုတ်ကုန်ပစ္စည်းအများအပြားမှာ ထိုင်ချွန်းမြို့ တစ်ဝိုက်မှ အဓိကထုတ်လုပ်ခြင်းဖြစ်သည်။ တိုင်ပေမြို့မှ ၈၄ မိုင်အကွာတွင်ရှိသော ထိုင်ချွန်းမြို့သို့ မြန်နှုန်းမြင့်ရထားဖြင့်သွားခဲ့ရာ ၄၇ မိနစ်သာကြာမြင့်ပါသည်။ ယင်းမှ ကောင်းရှုံမြို့ သို့ဆက်သွားလျှင် ၄၅ မိနစ်ခန့်အကြာတွင်ရောက်နိုင်ကြောင်း သိရသည်။
ခေတ်မီအဆောက်အအုံအများအပြားရှိ၍ လူဦးရေ ၂ ဒသမ ၈ သန်းခန့်နေထိုင် လျက်ရှိသည့် ထိုင်ချွန်းမြို့တွင် အပြည် ပြည်ဆိုင်ရာလေဆိပ်ရှိ၍ ထိုင်ဝမ်၏ဒုတိယအကြီး ဆုံးပင်လယ်ဆိပ်ကမ်းလည်းရှိသည်။ Qing မင်းဆက်မှ ရှေးဟောင်းဘုရားကျောင်းများ၊ လူသိများသည့် ရေပူစမ်းများ၊ သာယာလှပသည့် အပန်းဖြေဥယျာဉ်များ၊ သဘာ၀အမျိုး သားဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ်စသည်တို့ရှိ၍ ယင်းမြို့မှ ၅၆ မိုင်ခန့် အကွာတွင်ရှိသော ထိုင်ဝမ်၏ကျော်ကြားထင်ရှားလှသည့် နေလရေကန်ကြီး(Sun Moon Lake)သို့ ကား၊ ရထားဖြင့် အလွယ်တကူသွားရောက်လေ့လာနိုင်ပါသည်။
မြို့တွင်း၌ သမိုင်းဝင်မြို့တော်ခန်းမ၊ ထိုင်ဝမ်၏အာဇာနည်ဗိမာန်၊ ထူးခြားလှသည့် သဘာ၀သိပ္ပံဆိုင်ရာအမျိုးသားပြတိုက်၊ ပန်းချီကားအများအပြားရှိသော အနုပညာဆိုင် ရာ အမျိုးသားပြတိုက်၊ ကမ္ဘာ့ကုန်သွယ်မှုဗဟိုဌာနအဆောက်အအုံ၊ ဂျပန်ဗိသုကာလက် ရာဖြင့်တည်ဆောက်ထားသော ခေတ်မီဆန်းသစ်လှပသည့် မြို့မကဇာတ်ရုံကြီး၊ နိုင်ငံ တကာပြိုင်ပွဲများကျင်းပလေ့ရှိသော ဘေ့စ်ဘောအားကစားပြိုင်ကွင်း၊ Hayu Pier ငါးဈေးကြီးတို့သည် ထင်ရှားသော အဆောက်အအုံများဖြစ်ကြ၍ ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးကိုအဓိကထားသည့်အနေဖြင့် သစ်ပင်နွယ်ပင်များဖြင့် စနစ်တကျစိုက်ပျိုးကာအလှဆင်ထားသည့် ကုန်တိုက်များကိုလည်း မြင်တွေ့ခဲ့ရသည်။ ထို့ပြင် စိတ်ဝင်စား စရာကောင်းလှသည့် ငလျင်ပြတိုက်လည်းရှိ၍ ၁၉၉၉ ခုနှစ်က ထိုင်ဝမ်ကျွန်းအလယ် ပိုင်းတွင်လှုပ်ခဲ့၍ လူ ၃၀၀၀ ခန့်အထိသေဆုံးစေခဲ့သည့်ငလျင်ဒဏ်ကြောင့် ပျက်စီးသွား ခဲ့သည့် စာသင်ကျောင်းနေရာတွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ သန်းခေါင်ကျော်အထိဖွင့်သည့် Zhong Xiao, Donghai, Zhong Hua နှင့် Fengjia ညဈေးတန်းအမည်ရှိ(Nitht Market)များလည်းရှိပြီး လာရောက်ကြည့် ရှုဝယ်ယူသူများဖြင့်လည်း စည်ကားလျက်ရှိသည်။ အထူးသဖြင့် Fengjia ညဈေးတန်း တွင် လမ်းတစ်လျှောက်ချိတ်ဆွဲထားသည့်မီးပုံများကြောင့် တမူထူးခြားလှပနေသည်ကို လည်း မြင်တွေ့ခဲ့ရပါသည်။
သာယာလှပသည့် သဘာ၀ရှုခင်းများနှင့်ဝန်းရံထား၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အဆောက်အအုံများနှင့်အတူ စက်မှုစီးပွားလုပ်ငန်းများဖြင့်စည်ကားနေပြီး လေ့လာစရာနေရာများလည်းရှိကာ ထိုင်ဝမ်မြို့မှခဏအတွင်းရောက်ရှိနိုင်သဖြင့် ထိုင်ချွန်းမြို့မှာ ထိုင်ဝမ်သို့ရောက်သူတိုင်းသွားရောက်လေ့လာသင့်သည့် မြို့ကြီးတစ်မြို့ဟုပင် ညွှန်းဆို လိုက်ရပါတော့သည်။ 

8-3-17taichun

ကမ္ဘာပေါ်တွင် ခေတ်အဆက်ဆက်က တန်ဖိုးမဖြတ်နိုင်သည့် တရုတ်ရှေးဟောင်း ယဉ်ကျေးမှုအနုပညာလက်ရာများ၊ အသုံးအဆောင်ပစ္စည်းများ အများအပြားစုဆောင်း ထားရှိပြသထားသည့်နေရာမှာ ထိုင်ဝမ်ကျွန်း၊ တိုင်ပေမြို့ရှိ ထိုင်ဝမ်အမျိုးသားနန်းတော်ပြ တိုက်(National Palace Museum)ဖြစ်ပါသည်။ ၂၀၀၄ မှ ၂၀၀၉ ခုနှစ်အထိ ကမ္ဘာ့ အမြင့်ဆုံးအဆောက်အအုံဖြစ်ခဲ့ဖူးသည့် တိုင်ပေရှိ 101 Tower နှင့် ချန်ကေရှိတ်အမှတ်တရခန်းမကြီးအပါအဝင် လေ့လာသင့်သည့်နေရာများသို့ ယခင်က မိမိရောက်ခဲ့ သော်လည်း ကျန်ခဲ့သည့်ယင်းပြတိုက်ကို မကြာမီက ထိုင်ဝမ်သို့ စာရေးသူထပ်မံရောက် ရှိခဲ့စဉ် မဖြစ်မနေသွားရောက်လေ့လာခဲ့ပါသည်။
တရုတ်နိုင်ငံမြို့တော်ဘေဂျင်းမြို့ရှိ ကမ္ဘာကျော်တားမြစ်မြို့တော်(Forbidden City)တွင် ၁၉၂၅ ခုနှစ်က နန်းတော်ပြတိုက်(Palace Museum)အဖြစ် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀၀၀ ခန့်မှစ၍ တရုတ်တို့၏ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက်အသုံးပြု ခဲ့ကြသည့် နန်းတွင်းအသုံးအဆောင်များ၊ ဝတ်စုံများ၊ ရတနာပစ္စည်းများ၊ ငွေအကြွေ စေ့များ၊ လက်နက်များ၊ ပန်းချီ၊ ပန်းပုအနုပညာလက်ရာများစသည့် ပစ္စည်းမျိုးစုံကို စုဆောင်းထားခဲ့ကြသည်။ ဂျပန်တို့၏ကျူးကျော်မှုအရိပ်အယောင်သန်းလာချိန်တွင် ယင်းတို့၏ဖျက်ဆီးမှုမှကြိုတင်ကာကွယ်နိုင်ရန် ၁၉၃၃ ခုနှစ်တွင် ထိုပစ္စည်းများကို အနောက်တောင်ဘက်ဒေသများသို့ ရွှေ့ပြောင်းခဲ့ကြသည်။ ထို့နောက် တရုတ်နိုင်ငံတွင် အမျိုးသားရေးဝါဒီအစိုးရတပ်များနှင့် ကွန်မြူနစ်တို့၏တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တို့ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး ၁၉၄၈ ခုနှစ်အကုန်တွင် ယင်းပစ္စည်းများမှ အချို့ကို နန်ကျင်းမြို့ပြတိုက်တွင်ချန်ထား၍ အများစုကို ဘေဂျင်းမြို့နှင့် အချို့ကို ထိုင်ဝမ်ကျွန်းသို့ သင်္ဘောဖြင့်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မူလက ထိုင်ဝမ်ရှိ Taoyuan မြို့၊ ထိုမှတစ်ဆင့် Taichung မြို့နှင့် ယင်းနောက် တိုင်ပေ(Taipei)မြို့သို့ ယင်းပစ္စည်းများကို ရွှေ့ပြောင်းခဲ့ကာ ၁၉၆၅ ခုနှစ်တွင် အမျိုး သားနန်းတော်ပြတိုက်အဖြစ် ပြည်သူလူထုအားဖွင့်လှစ်ပြသခဲ့သည်။ ထို့နောက်ပစ္စည်း များကို ဆက်လက်စုဆောင်း၍ ပိုမိုခေတ်မီအောင်စုစည်းပြသခဲ့ရာ ယခုအခါစုစုပေါင်း ပစ္စည်းအရေအတွက် ၆၉၆၄၀၀ ကျော်ရှိ၍ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ကျောက်စိမ်း၊ ဆင်စွယ်၊ ကြွေထည်၊ ယွန်း ထည်၊ ပိုးထည်စသည်တို့ဖြင့် ပြုလုပ်ထားသည့် ပစ္စည်းမျိုးစုံဖြစ်ကြောင်း သိရသည်။ ထို့ပြင်ယင်း၏ ထိုင်ဝမ်တောင်ပိုင်းပြတိုက်ခွဲကို Taibao မြို့တွင် ၂၀၁၅ ခုနှစ်က ဖွင့်လှစ်ခဲ့၍ တရုတ်ယဉ်ကျေးမှုအနုပညာပစ္စည်းများအပြင် အာရှတိုက်၏ယဉ် ကျေးမှုဆိုင်ရာပစ္စည်းများကိုလည်း ထည့်သွင်းပြသထားခဲ့သည်။
တိုင်ပေရှိ ပြတိုက်ကြီးတွင် မုခ်၀၊ ယင်းမှ ပြတိုက်သို့ ကျယ်ဝန်းသည့်လျှောက်လမ်း ရင်ပြင်၊ ပင်မပြတိုက်ဆောင်ကြီး၊ အထူးပြပွဲများအတွက် အထူးပြခန်းဆောင်၊ စာ ကြည့်တိုက်၊ အစည်းအဝေးခန်းမ၊ စားသောက်ဆိုင်နှင့်ဥယျာဉ်များလည်းရှိ၍ နေ့စဉ် နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီခွဲအထိဖွင့်လှစ်ပြီး သောကြာနှင့်စနေနေ့များတွင် ည ၉ နာရီအထိ ဖွင့်လှစ်ထားပါသည်။ ပြသထားသည့်ပစ္စည်းများအနက် Qing မင်းဆက် ၏ မုန်လာထုပ်သဏ္ဌာန်ကျောက်စိမ်းရုပ်တုနှင့် မိုးတိမ်နှင့်နဂါးပုံများဖြင့် အလှဆင် ထွင်းထုထားသည့် ဘောလုံးသဏ္ဌာန်ဆင်စွယ်လုံးတို့မှာ အထူးထင်ရှား၍ လူအများ အပြားက တန်းစီစောင့်ဆိုင်းကာ စိတ်ဝင်စားစွာကြည့်ရှုနေကြသည်ကို မြင်တွေ့ခဲ့ ရသည်။ ဆင်စွယ်အတွင်း၌ အထပ်ပေါင်း ၁၇ ထပ်အထိ တစ်ခုနှင့်တစ်ခုထိမနေဘဲ လွတ်လပ်စွာလှည့်နိုင်အောင် ခက်ခက်ခဲခဲအနုစိပ်ထွင်းထုထားသည့် လက်ရာဖြစ်သဖြင့် လွန်စွာအံ့ဩဖွယ်ကောင်းလှပါသည်။
သမိုင်းကြောင်းအစဉ်အလာကြီးမားလှသည့် တရုတ်တို့၏ ခေတ်အဆက်ဆက်မှ ရှားပါးပစ္စည်းများကို အများအပြား စုဆောင်းထားပြီး စိတ်ဝင်စားဖွယ်ရာ အနုပညာလက် ရာများလည်းပြသထားသောကြောင့် ပြည်တွင်းပြည်ပခရီးသည်များစွာ လာရောက် ကြည့်ရှုလျက်ရှိရာ ယခင်နှစ်က လူခြောက်သန်းကျော်ပင် လာရောက်ကြည့်ရှုခဲ့ခြင်းမှာ မထူးဆန်းလှဟုပင် ဆိုရပေတော့မည်။

1-3-17taipei1

 

အီဂျစ်တို့၏ အသက်သွေးကြောမြစ်ဖြစ်ပြီး အီဂျစ်နိုင်ငံအရှေ့ဘက်၌ တောင်မှ မြောက်သို့ စီးဆင်းနေသည့် နိုင်းမြစ်သည် ကမ္ဘာပေါ်တွင် အရှည်ဆုံးမြစ်ဖြစ်ကာ မိုင် ပေါင်း ၄၁၆၀ မိုင်အထိရှည်လျားပါသည်။ အီဂျစ်တစ်နိုင်ငံလုံးကို ဖြတ်သန်းစီးဆင်းနေ သော်လည်း နိုင်းမြစ်တစ်ခုလုံး၏ ၂၂ ရာခိုင်နှုန်းသာ အီဂျစ်မှာတည်ရှိနေခြင်းဖြစ်သည်။ နိုင်းမြစ်သည် တောင်ပိုင်းရှိ ဘရူရွန်ဒီနိုင်ငံမှ နိုင်းမြစ်ဖြူအဖြစ် မြစ်ဖျားခံလာကာ ဆူဒန် နိုင်ငံအရောက်တွင် အီသီယိုးပီးယားနိုင်ငံမှ မြစ်ဖျားခံလာသည့် နိုင်းမြစ်ပြာနှင့်ပေါင်း ဆုံသွားပြီး နောက်ဆုံး၌ အီဂျစ်န်ိုင်ငံတွင် မြေထဲပင်လယ်ထဲသို့ စီးဝင်သွားလေသည်။
နိုင်းမြစ်သည် ကမ္ဘာပေါ်ရှိ အခြားသောမြစ်အများစုကဲ့သို့ မြောက်မှတောင်စီးဆင်း သည်မဟုတ်ဘဲ တောင်တန်းများရှိရာ တောင်မှမြောက်သို့ စီးဆင်းသောကြောင့် မြစ်ဖျားပိုင်းရှိရှာတောင်ပိုင်းကို အီဂျစ်အထက်ပြည်၊ မြစ်အောက်ပိုင်းရှိရာ မြောက်ပိုင်းကို အီဂျစ်အောက်ပြည်ဟု သတ်မှတ်ခေါ်ဝေါ်ထားကြပါသည်။ နိုင်းမြစ်ကမ်းဘေး မြစ်ဝှမ်း များတွင် နိုင်းမြစ်ရေလျှံပြီးနောက်ကျန်ခဲ့သည့်နုန်းမြေများမှာ လွန်စွာစိုက်ပျိုးဖြစ်ထွန်းသဖြင့် နိုင်းမြစ်ကို အခြေခံပြီး ရှေးခေတ်တွင် နှစ်ပေါင်းများစွာတိုင် အင်ပါယာကြီးမားခဲ့ သော အီဂျစ်ယဉ်ကျေးမှုကြီးပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။ နုန်းမြေများရှိရာ မြစ်ဝှမ်းဒေသ တွေကို အနက်ရောင်မြေဟုခေါ်ကြပြီး အီဂျစ်ဟူသောအမည်မှာ အနက်ရောင်မြေဟု အဓိပ္ပာယ်ရသဖြင့် ဤသည်ကိုအစွဲပြုပြီး မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ မြစ်ကမ်းနှင့်ဝေးရာ သဲကန္တာရများကိုတော့ အနီရောင်မြေဟုခေါ်ကြောင်း သိရသည်။
နိုင်းမြစ်သည် အီဂျစ်ပြည်၏စိုက်ပျိုးရေးကဏ္ဍအတွက်အရေးပါရုံမက မျက် မှောက်ခရီးသွားခေတ်တွင် ခရီးသွားကဏ္ဍ၌လည်း လွန်စွာအရေးပါလျက်ရှိနေသည်ကို ကိုယ်တွေ့ကြုံခဲ့ရပါသည်။ ယခင်နှစ်ဒီဇင်ဘာလက Tour Diamondခရီးစဉ်နှင့် အီဂျစ်နိုင်ငံကိုသွားရောက်လည်ပတ်ခဲ့စဉ်က အဆိုပါနိုင်းမြစ်တစ်လျှောက် အပျော်စီး သင်္ဘောပေါ် သုံးညတာအနားယူအိပ်စက်ကာ အီဂျစ်နိုင်ငံ ရှေးဟောင်းမြို့တော်များသို့ တစ်မြို့ဝင်တစ်မြို့ထွက် ကမ်းကပ်ကာသွားရောက်လည်ပတ်ဖြစ်ခဲ့ပါသည်။ ဦးဆုံးအနေ ဖြင့် မြို့တော်ကိုင်ရိုမှ အာစွမ်န်(Aswan)မြို့သို့ ညအိပ်ရထားဖြင့် သွားရောက်ကာ ထိုမြို့မှတစ်ဆင့် လပ်ဆွာ(Luxor)မြို့သို့ မြစ်တစ်လျှောက်စုံဆင်းခဲ့ခြင်းဖြစ်သည်။
ထိုသင်္ဘောခရီးစဉ်တစ်လျှောက်တွင် အီဂျစ်တစ်နိုင်ငံလုံးအသုံးပြုသော လျှပ်စစ် စွမ်းအားကိုရရှိပြီး ကမ္ဘာ့အကြီးဆုံးရေကာတာများတွင် တစ်ခုအပါအဝင်ဖြစ်သည့် အာစွမ်န်ရေကာတာသို့ရောက်ဖြစ်ခဲ့သည်။ ယင်းရေကာတာဆောက်လုပ်မှုကြောင့် နိုင်းမြစ် တွင်း ရေကြီးရေလျှံခြင်းကိုကာကွယ်နိုင်ခဲ့ပြီး လူတို့ပြုလုပ်သော ကမ္ဘာ့အကြီးဆုံး ရေ ကန်ဖြစ်သည့် နာဆာရေကန်ကိုဖြစ်ပေါ်စေခဲ့ပါသည်။ အာစွမ်န်မြို့တွင် ထိုနာဆာရေ ကန်ကို မျက်နှာမူ၍ တည်ဆောက်ထားသော ဖီလေးဘုရားကျောင်း၊ ကိုမိုဘိုမြို့တွင် ကလီယိုပါထရာဘုရင်မတည်ဆောက်ခဲ့ပြီး ရှေးခေတ် က ဆေးရုံအဖြစ်အသုံးပြုခဲ့သည့် ကိုမိုဘိုဘုရားကျောင်း၊ နာဆာကန်စပ်တွင်ရှိပြီး အီဂျစ် နိုင်ငံတွင် အလွန်ကျော်ကြားသည့် အဘူဆင်ဘဲလ်ဘုရားကျောင်း၊ အက်ဒ်ဖူမြို့တွင် အာဖရိကရိုးရာမြင်းလှည်းများဖြင့် သွားရောက်ခဲ့ရသည့် အက်ဒ်ဖူဘုရားကျောင်းနှင့် လပ်ဆွာမြို့၌ နိုင်းမြစ်အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းများရှိ ထူးခြားခံ့ညားသော ရှေးဟောင်းအဆောက်အအုံများဆီသို့ သွားရောက်လည်ပတ်ဖြစ်ခဲ့ပါသည်။
သင်္ဘောခရီးစဉ်တစ်လျှောက်တွင်မြစ်ထဲ၌ နိုင်းမြစ်၏ရေအနက်မညီမျှမှုကို ချိန် ညှိသည့် ရေတံခါးများကို ဖြတ်သန်းခဲ့ရကာ ရေတံခါးများ၏ရေပြင်ချိန်ညှိမှုကို စိတ်ဝင် စားဖွယ်ရာမြင်တွေ့ခဲ့ရသည်။ ရေဂါလန်တန်ပေါင်းများစွာကိုထိန်းညှိပြီး သင်္ဘောများကို ဖြတ်သန်းသွားစေသည့်အပြင် နှစ်စဉ်ရေကြီးမှုကိုပါ ထိန်းညှိပေးသည့်ရေတံခါးများဖြစ် ကြောင်း သိရသည်။ နိုင်းမြစ်တွင် အပျော်စီးသင်္ဘောများအပြင် ဒေသခံတို့၏ရွက်လှေ စီး၍ နေဝင်ချိန်အလှကို ခံစားခဲ့ရပါသေးသည်။ နိုင်းမြစ်အတွင်း အပျော်စီးသင်္ဘောများ ကို ရက်တိုရက်ရှည်၊ ဝန်ဆောင်မှု၊ သင်္ဘောအမျိုးအစားပေါ်မူတည်ပြီး ရွေးချယ်နိုင်ခြင်းကြောင့် အီဂျစ်နိုင်ငံရောက်ခဲ့ပါက နိုင်းမြစ်တွင်း အပျော်စီးသင်္ဘောများ မဖြစ်မနေစီး သင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

23-2-17egypt

 

စိတ်ကူးယဉ် နတ်သမီးပုံပြင်တွေ၊ ဒစ္စနေးကာတွန်းကားတွေထဲက ရဲတိုက်ကြီး တွေဟာ အပြင်မှာလည်းတကယ်ရှိတာ အံ့ဩစရာပါ။ ရှေးခေတ်အဆက်ဆက်က ဘုရင်ဧကရာဇ်တွေဟာ သူတို့စံမြန်းဖို့နန်းတော်တွေ၊ ရန်သူတွေတိုက်ခိုက်မှုကိုကာကွယ် နိုင်ဖို့ ရဲတိုက်တွေ ဆောက်ထားခဲ့ကြပါတယ်။ ကမ္ဘာ့အနှံ့မှာရှိတဲ့ ရဲတိုက်ကြီးတွေအနက် အလှဆုံးရဲတိုက်ကြီးကတော့ ဂျာမနီနိုင်ငံရှိ နယူချွမ်(န်)စတိန်း ရဲတိုက်(Neuschwanstein Castle)ပဲဖြစ်ပါတယ်။ ဘယ်လောက်တောင်လှလဲဆိုရင် Disney ကထုတ်တဲ့ Sleeping Beauty ကာတွန်းကားထဲက ရဲတိုက်ကြီးကို ဒီရဲတိုက်ကြီး အခြေခံပြီး ဆွဲခဲ့ရတဲ့ အထိပါ။ ဒါကြောင့်လည်း ဒီရဲတိုက်ကြီးကို နတ်သမီးပုံပြင်ရဲတိုက်၊ Sleeping Beauty ရဲတိုက်လို့ အမည်ပေးထားကြပါတယ်။ ရဲတိုက်ကြီးရဲ့ တည်နေရာကလည်း ရဲတိုက်ကြီးကို အိပ်မက်ဆန်ဆန်လှစေနေတာပါ။ မြို့တော် မြူးနစ်ကနေ ၂ နာရီကြာ ကား မောင်းသွားနိုင်တဲ့ ဖူဆန်မြို့နားက တောင်ထိပ်ပေါ်မှာရှိပြီး ရေကန်နဲ့ ဘာဗေးရီးယန်း တောင်တန်းနောက်ခံရှုခင်းက ရဲတိုက်ကြီးနဲ့အတူ ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။
ရဲတိုက်ကြီးဟာ အပြင်ပန်းလှပခမ်းနားရုံမျှမက အတွင်းပိုင်းအခန်းတွေကိုလည်း လက်ရာမြောက်စွာ အနုစိတ်ဖန်တီးထားလေရဲ့။ လှပသက်ဝင်တဲ့ နံရံဆေးရေးပန်းချီ ကားတွေ၊ တဖိတ်ဖိတ်တောက်နေတဲ့ ပရိဘောဂတွေနဲ့ မြင်မြင်သမျှ အံ့အားသင့်စရာပါ။ ဘုရင်ကြီး အိပ်ခန်းတစ်ခုတည်းက ပရိဘောဂတွေ၊ နံရံပန်းပုတွေ အလှဆင်ဖို့အတွက် လက်သမား ၁၄ ယောက်က ၄ နှစ်ကြာ အချိန်ယူပြီး ထုဆစ်ပုံဖော်ပေးခဲ့ရပါတယ်တဲ့။ ရဲတိုက်ကြီးက အပြင်ပန်းမှာ အလယ်ခေတ်ဒီဇိုင်းဖြစ်ပေမဲ့ တကယ်တမ်းက ၁၉ ရာစု ကျမှဆောက်လုပ်ခဲ့တာပါ။ အပြင်ပန်းက ရှေးဟောင်းဆန်ပေမဲ့ အတွင်းဘက်က အဲ့ ခေတ်က ခေတ်ပေါ်နည်းပညာတွေသုံးခဲ့ပါတယ်တဲ့။ အိမ်သာတွေ အလိုအလျောက်ရေ ဆွဲချစနစ်၊ အခန်းတွင်းအပူပေးစနစ်၊ ရေပူရေအေးစနစ်၊ လျှပ်စစ်ခေါင်းလောင်း၊ တယ် လီဖုန်းစတာတို့ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ပလ္လင်ထားရာအခန်းကို နှစ်ထပ် ခေါင်မြင့်ဆောက်ထားပြီး အနုပညာလက်ရာမြောက်ပေမဲ့ ဒီရဲတိုက်ကြီးမပြီးမီ ဘုရင် ကြီးနတ်ရွာစံသွားတာကြောင့် ပလ္လင်မရှိဘဲဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
ရဲတိုက်ကြီးကစိတ်ဝင်စားစရာကောင်းရုံမက ရဲတိုက်ကိုတည်ဆောက်ခဲ့တဲ့ ဘုရင်ကြီးဟာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီရဲတိုက်ကြီးဟာ ဂျာမနီအင်ပါယာ လက်အောက်မကျရောက်မီ ဘာဗေးရီးယန်းဘုရင့်နိုင်ငံအဖြစ် တည်ရှိနေခဲ့စဉ်က အုပ်ချုပ်ခဲ့တဲ့ ဘာဗေးရီးယန်းဘုရင်ကြီး လူးဝစ် II ရဲ့ စိတ်ကူးတွေကို အကောင်အထည် ဖော်ခဲ့တာပါ။ အနုပညာကိုချစ်မြတ်နိုးပြီး စိတ်ကူးယဉ်ဆန်တဲ့ဘုရင်ကြီးဟာ ငယ်စဉ် ကလေးဘ၀က ဒီရဲတိုက်ကြီးရှိရာတောင်ခြေရှိ ဖခမည်းတော်စံမြန်းခဲ့တဲ့ Hohenschwangau ရဲတိုက်ကြီးမှာကြီးပြင်းခဲ့ရပြီး ပြတင်းပေါက်ကနေလှမ်းမြင်ရတဲ့ တောင်ထိပ် ပေါ်မှာ နန်းတော်ကြီးတည်ဆောက်ဖို့ စိတ်ကူးခဲ့တာပါ။ အသက် ၁၉ နှစ် အရွယ်မှာ ဘုရင်ဖြစ်ပြီး နောက် ၅ နှစ်အကြာ ၁၈၇၉ ခုနှစ်မှာ စိတ်ကူးကိုအကောင် အထည်ဖော်ပြီး ဒီရဲတိုက်ကြီးကိုစတင်ဆောက်လုပ်ခဲ့ပါတယ်။ ဆောက်လုပ်ခဲ့တုန်းက ၃ နှစ်နဲ့အပြီး မှန်းထားပေမဲ့ အသေးစိတ်အနုစိတ်လွန်းတဲ့ဘုရင်ကြီးကြောင့် ၁၇ နှစ် ကြာသွားကာ ၁၈၈၆ ခုနှစ်မှာ ဘုရင်ကြီးရုတ်တရက် နတ်ရွာစံသွားတဲ့အထိ ရဲတိုက်ကြီးကို အဆုံး မသတ်နိုင်ခဲ့ပါဘူး။ ဘ၀တလျှောက်လုံး ဒီရဲတိုက်ကြီးကို အားစိုက်ပြီး ဆောက်လုပ်ခဲ့ ပေမဲ့ ဘုရင်ကြီးဟာ ရဲတိုက်မှာ ၁၁ ရက်သာ စံမြန်းခဲ့ရတာတော့ စိတ်မကောင်းစရာပါ။
လူးဝစ်ဘုရင်ကြီးဟာ ကမ္ဘာကျော်ဂျာမာန်အော်ပရာပြဇာတ်ဒါရိုက်တာ ရစ်ချတ် ဝက်ဂ်နာရဲ့အမာခံပရိသတ်ဖြစ်ပြီး ဒီရဲတိုက်ကြီးကို သူ့ကိုရည်စူးပြီးဆောက်လုပ်ခဲ့တာပါ။ Neuschwansteinဆိုတဲ့အမည်ဟာ အင်္ဂလိပ်လို New Swan Stone (ငန်း ကျောက်တုံးအသစ်)လို့ အဓိပ္ပါယ်ရပြီး ဝက်ဂ်နာရဲ့ဇာတ်ကောင်တွေထဲက တစ်ခုဖြစ်တဲ့ ငန်းသူရဲကောင်းကို ရည်စူးပြီး အမည်ပေးထားတာပါ။ ရဲတိုက်ထဲက အခန်းတွေ၊ ပန်းချီ ကားတွေဟာ ဝက်ဂ်နာရဲ့အော်ပရာပြဇာတ် ဇာတ်ဝင်ခန်းတွေလွှမ်းခြုံနေပါတယ်။ အဲဒီ ခေတ်က လူးဝစ်ဘုရင်ကြီးဟာ ဒီရဲတိုက်အပါအဝင် အခြားနန်းတော်တွေကို မလိုအပ် ဘဲဆောက်လုပ်မွမ်းမံခြင်းကြောင့် တိုင်းပြည်ဘဏ္ဏာထိခိုက်တယ်ဆိုကာ ဘုရင်ကြီးကို စိတ်မနှံ့သူဟု တောင် စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ဒီရဲတိုက်ကြီးဟာ ခရီး သွားတွေဆီကနေ နေ့စဉ်ဝင်ငွေများစွာ ပြန်ယူပေးနေတာတော့ အသေအချာပါပဲ။ ဘုရင် ကြီး နတ်ရွာစံပြီး ၇ ပတ်အကြာမှာ ရဲတိုက်ကြီးကို အများပြည်သူကြည့်ရှုဖို့ ဖွင့်ပေးခဲ့ပါ တယ်။ ရှက်တတ်ပြီး လူတွေနဲ့ဝေးရာမှာ အေးအေးဆေးဆေးနေလိုတဲ့ ဘုရင်ကြီးဟာ သွားလာရခက်ခဲတဲ့ တောင်ထိပ်ပေါ်မှာ ရဲတိုက်ကြီးကို တည်ဆောက်ခဲ့ပေမဲ့ ခုချိန်မှာ တော့ ခရီးသွားဧည့်သည်များစွာ လာရောက်လေ့လာနေပါတယ်။ တစ်နှစ်ကို ဧည့်သည် ပေါင်း ၁ ဒသမ ၄ သန်းနီးပါးလာလေ့လာကြတယ်လို့သိရပါတယ်။
ကဗျာဆန်တဲ့လူးဝစ်ဘုရင်ကြီးရဲ့ ဒီနတ်သမီးပုံပြင်ရဲတိုက်ကြီးဟာ ဂျာမနီနိုင်ငံ မှာ အလှပဆုံးနေရာဖြစ်ပြီး နှစ်ပေါင်းရာကျော်တိုင် ဒဏ္ဏာရီဆန်စွာလှပ ခမ်းနားနေပါ တယ်။ ရဲတိုက်ပိုင်ရှင်ဘုရင်ကြီး ရေကန်ထဲမှာသေဆုံးနေပြီး သေဆုံးရခြင်းအကြောင်း ရင်း ရှာမတွေ့ဘဲဖြစ်နေတာကလည်း ပဟေဠိဆန်လှပါတယ်။ ဒီလောက် အပင်ပန်းခံ ဆောက်လုပ်ထားပြီး ဘယ်သူမှမနေခဲ့ရတာလည်း ထူးဆန်းတဲ့အချက်တစ်ချက်ပါ။ ဘယ်သူမှအသုံးမပြုခဲ့ရဘဲ ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ သက်သက်ဆောက်ထားသလား အောက်မေ့ရလောက်တဲ့ စိတ်ကူးယဉ်ရဲတိုက်ကြီးလို့ပဲဆိုရမှာပါ။

15-2-17castleB

ယခင်တစ်ပတ်မှ အဆက်
ဒီမောဆိုမြို့မှ တောင်ငူဘက်သို့သွားသောလမ်းအတိုင်း ကားဖြင့်နာရီဝက်ခန့်သွား ပြီးနောက် ကမ္ဘာလှည့်ခရီးသည်များအကြား ရေပန်းစားနေသည့် ပန်ပက်ကျေးရွာများသို့ ရောက်ခဲ့ပါသည်။ ပြည်သူလူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) (CBT) ကို အကောင်အထည်ဖော်နေ၍ ပဒေါင်ဟုလူသိများသော လည်ပင်း၌ ကြေးကွင်းစွတ်လေ့ရှိသည့် ကယန်းတိုင်းရင်းသူမိသားစုများနေထိုင်ရာ ပန်ပက်ရွာ ၄ ရွာ မှ ပန်ပက်စလူးကနားရွာတွင် ကျေးရွာသူတို့၏အိမ်နှင့် တစ်နိုင်တစ်ပိုင်ရိုးရာလုပ် ငန်းများကို လေ့လာခဲ့ကြသည်။ ရွာမှ တာဝန်ရှိသူတစ်ဦးက လိုက်လံပို့ဆောင်ပြသသဖြင့် အိမ်များသို့ သွားရောက်၍ ရင်းရင်းနှီးနှီးလေ့လာခွင့်ရခဲ့ရာ စိတ်ဝင်စားစရာကောင်းလှ ပါသည်။ ယင်းနောက် ပန်ပက်ရွာများနှင့် လမ်းမအနီးရှိ ကယန်းလူမျိုးများ၏ရိုးရာလက် မှုအမှတ်တရပစ္စည်းအရောင်းဆိုင်များရှိရာဈေးသို့ ရောက်ခဲ့ရာ ဝယ်၍ပင်မကုန်နိုင် အောင်ဖြစ်သကဲ့သို့ လည်ပင်း၌ကြေးကွင်းများစွတ်၍ ကယန်းအမျိုးသမီးများနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်နေကြသူများကိုလည်း တွေ့မြင်ခဲ့ရသည်။
နေ့လယ်ပိုင်း၌ လူသိများသည့် ကန်ခုနစ်ဆင့်သို့သွားခဲ့ရာ မြောက်ဘက်မှ တောင်ဘက်အတိုင်း အဆင့်ဆင့်တည်ရှိနေသော ကန်ခုနစ်ကန်ကို မြေပုံပေါ်၌ မြင် တွေ့ခဲ့ရ၍ အချိန်မရသဖြင့် အချို့ကန်များကိုဖြတ်သန်းပြီး တနီးလာလဲကျေးရွာအနီးမှ အပန်းဖြေစခန်းငယ်နှင့် ဆိုင်အချို့တည်ရှိသည့် ကန်အမှတ်-၆ သို့ ရောက်ခဲ့ပါသည်။ နောက်ခံတောင်တန်းများနှင့်အတူ စိမ်းစိုနေသည့်ရေကန်မြင်ကွင်းမှာ လွန်စွာသာယာ လှပနေပြန်ပါသည်။ ကန်စပ်တစ်နေရာ၌ သံကိုလုံး၀အသုံးပြုထားခြင်းမရှိသော ကယား ရိုးရာအိမ်ကိုလည်းလေ့လာရ၍ ဒဏ္ဍာရီလာ ကယားသူရဲကောင်းဖိုးဗျားကိုအစွဲပြု၍ ဖိုးဗျားရိုးရာအိမ်ဟု အမည်တပ်ထားသည်ဟု သိရသည်။ ယင်းကန်ခုနစ်ဆင့်မှ ခရီး ဆက်ရာ ခဏကြာ၌ ငွေတောင်ဆည်၏အရှေ့တောင်ဘက် ထီးပွင့်ကန်တောင်တန်းသာသနာပြုဘုန်းတော်ကြီးကျောင်း၏ သာသနာ့မြေပရဝုဏ်အတွင်း၌ တည်ရှိသော သမိုင်းဝင်ထီးပွင့်ကန်သို့ ရောက်ခဲ့ပါသည်။ ရေကန်အတွင်း၌ ရွံ့နုန်းမြေများဖြင့် ထီးပွင့် သဏ္ဌာန်ရေပြင်ပေါ်သို့ ပြူတက်လာလေ့ရှိ၍ ထီးပွင့်ကန်ဟု အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ကိန္နရီခုနစ်ဖော် ရေကစားသည့် ''ဘုတ်တလုတ်ကန်''ဟုလည်း အမည်တွင်သည်။ ရှေးနှစ်ပေါင်းများစွာကပင် ထီးပွင့်ကန်ကို ကယားလူမျိုးတို့က အမြတ်တနိုးထားကာ ကန်ပေါင်တွင်တံခွန်တိုင်များစိုက်ထူထားလေ့ရှိသည်။ ဘူမိဗေဒ သဘောအရ ယင်းသည် ရှေးအခါက မြေပြင်အနီးကပ်ဖြစ်ထွန်း ခဲ့သည့်မီးတောင်ဟောင်း ဖြစ်ခဲ့၍ ချောခဲတို့တွင် ထုံးဓာတ်များပါဝင်ပြီး ထိုချောခဲတုံးနှင့် ရေထိတွေ့သောအခါ ထုံးဓာတ်သည်အခိုးထွက်လာသည်။ ထွက်လာသည့်အခိုးနောက်သို့ သဲနုန်းများပါလာ ၍ တဖြည်းဖြည်းစုပြုံပြီး ရေပြင်အပေါ်၌ ထီးသဏ္ဌာန်တွေ့ မြင်ရကြောင်း သိရှိရသည်။ အချို့မြင်တွေ့ကြရသည့်ထီးသဏ္ဌာန်သည် အချင်းတစ်ပေခွဲမှ သုံးပေခန့်ကျယ် ပြန့် သော်လည်း ၎င်း၏ရေထဲရှိအခြေခံသဲနုန်းထုထည်ပမာဏသည် ကားကြီးတစ်စီးတိုက် သို့ မဟုတ် နှစ်စီးတိုက်ရှိကြောင်း သိရသည်။ စပွက်သည်မှ ထီးသဏ္ဌာန်ဖြစ်ပြီးနောက် သဲနုန်းတို့သည်ရေကန်ထဲ၌ လှိုင်းများနှင့်အတူ ပြန့်ကြဲသွားလေ့ရှိသည်ဟု ဆိုသည်။ စာရေးသူအနေဖြင့် ကြီးမားသည့်ထီးပွင့်များကို မတွေ့ခဲ့ရသော်လည်း ထီးပွင့်ဖြစ်ရန် အစပျိုးနေသည့် ထုံးဓာတ်အခိုးများပွက်လာသည်ကိုမူ မြင်တွေ့ခဲ့ရသည်။
အမှန်စင်စစ်ကယားပြည်နယ်၌ လေ့လာစရာအများအပြားကျန်နေသေး၍ တစ် ရက်ခန့်သာ အချိန်ထပ်ရပါက ဒီမောဆိုမြို့နယ်အတွင်းရှိ ရှေးခေတ်ရိုးရာအိမ်အများစုရှိနေသည့် ရှေးကယားရွာများ၊ ဖရူးဆိုးမြို့နယ်အတွင်းရှိ နား၌ အပေါက်ကြီးများဖောက် ထားသည့် ကယောတိုင်းရင်းသူတို့၏ရွာ၊ လွိုင်ကော်မြို့အနီးမှ မြကလပ်တောင်ပေါ်စေတီ နှင့်အောင်သပြေဂူစသည်တို့ကိုလည်း လေ့လာသင့်ကြောင်း Amazing Kayah ခရီး သွားလုပ်ငန်းထံမှ သိရသည်။ ထို့အပြင် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်မြို့နှင့်ဆက်သွယ် နိုင်သည့် နယ်စပ်ဝင်ပေါက်နှစ်ပေါက်ကိုလည်းတိုးမြှင့်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း လည်းသိရရာ များမကြာမီကာလတွင် လေ့လာစရာများပြား လွန်းလှသည့် ကယား ပြည်နယ်သို့ ပြည်တွင်း၊ ပြည်ပခရီးသည်အများအပြား ပိုမိုလာရောက်ကြလိမ့်မည်ဟု စာရေးသူယုံကြည်နေမိပါတော့သည်။

9-2-17demawsoU

 

More Articles ...