လစ်သူယေးနီးယားနှင့် သူ၏ မြို့တော်

ဥရောပတိုက် အရှေ့မြောက်ပိုင်းရှိ လစ်သူယေးနီးယား (Lithuania) နိုင်ငံ၏အ လံမှာ မြန်မာနိုင်ငံ၏အလံနှင့် အလွန်ဆင်တူပြီး ကြယ်ဖြူတစ်လုံးသာ ကွာခြားသဖြင့် ယင်းနိုင်ငံကို စာရေးသူ စိတ်ဝင်စားခဲ့မိပါသည်။ မကြာမီက ပိုလန်နိုင်ငံမှတစ်ဆင့် လေ ယာဉ်ဖြင့် လစ်သူယေးနီးယားနိုင်ငံသို့ စာရေးသူသွားရောက်ခဲ့ရာ စီးပွားရေးဖွံ့ဖြိုး တိုး တက်လာနေသော အေးချမ်းသာယာလှသည့် နိုင်ငံဖြစ်ကြောင်းလည်း တွေ့မြင်သိရှိခဲ့ ရပါသည်။ ဂျာမနီ၊ ပိုလန်၊ လက်ဗီးယားတို့မှ လေယာဉ်အပြင် ရထား၊ ကားတို့ဖြင့်လည်း လစ်သူယေးနီးယားနိုင်ငံမြို့တော် Vilnius သို့ သွားရောက်နိုင်သည်။

ဘောလ်တစ်ပင် လယ် (Baltic Sea) ကမ်းခြေတွင် တည်ရှိ၍ အက်စ်တိုးနီးယား (Estonia)နှင့် လက် ဗီးယား (Latvia) နိုင်ငံတို့ကဲ့သို့ ဘောလ်တစ်နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ယင်းကို လက်ဗီးယား၊ ဘီလာရု(စ်)၊ ပိုလန်၊ ရုရှား၏ဒေသတစ်ခုနှင့် ဘောလ်တစ်ပင်လယ်တို့က ဝန်းရံထားသည်။ ဒုတိယကမ္ဘာစစ်အပြီးမှစ၍ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသည့် ၁၉၉၁ ခုနှစ် အထိ ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် တွင် ဆိုဗီယက်ပြည်ထောင်စု၌ ပထမဆုံးခွဲထွက်၍ လွတ်လပ်ရေးကြေညာခဲ့သည့် နိုင်ငံဖြစ်သည်။ လူဦးရေ ၂ ဒသမ ၈ သန်း နေထိုင်သည့် ယင်းနိုင်ငံသည် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်လည်းဖြစ်သည်။ လစ်သူယေးနီးယန်းလူမျိုး ၈၇ ရာခိုင်နှုန်း နေထိုင်၍ ရိုမန် ကတ်သလစ် ခရစ်ယာန်ဘာသာကို ၇၇ ရာခိုင်နှုန်း ကိုးကွယ်ကြပြီး ရုံးသုံးဘာသာမှာ လစ်သူယေးနီးယန်းဘာသာစကားဖြစ်ကာ ယူရိုငွေကြေးကိုပင် သုံးစွဲလျက်ရှိကြသည်။ အထူးသဖြင့် Vilnius မြို့တော်မှ ရထားဖြင့် နှစ်နာရီခွဲ၊ ကားဖြင့် သုံးနာရီခွဲအကွာတွင် ရှိ၍ နေ့ချင်းပြန်သွားနိုင်သော လက်ဝါးကပ်တိုင်ပေါင်း တစ်သိန်းကျော်ရှိသည့် တောင် ကုန်း (Hill of Crosses) သည် ထင်ရှားလှပါသည်။


ယင်းနိုင်ငံ၏မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သော Neris မြစ်က ဖြတ်သန်းစီး ဆင်းလျှက်ရှိသည့် Vilinus မြို့ကို ၁၃၂၃ ခုနှစ်ကစ၍ မြို့အဖြစ်ဖော်ပြခဲ့ကြ၍ ၁၃၈၇ ခုနှစ်တွင် မြို့တော်အဆင့် သတ်မှတ်ခဲ့ကြသည်။ လူဦးရေ ခြောက်သိန်းခန့်သာ နေထိုင်၍ သာယာအေးချမ်းလှသည့် ယင်းမြို့၏ ရှေးမြို့ဟောင်း (Old Town) နေရာရှိ Cathedral Basilica ဘုရားကျောင်း၊ Grand Duke Dedminas ရုပ်တုတည် ရှိရာ Grand Dukes နန်းတော်၊ ၁၈၇ ပေ မြင့်၍ ခေါင်းလောင်းများတည်ရှိသည့် Bell Tower မျှော်စင်၊ ၁၄ရာစုမှ ၁၇ ရာစုအတွင်း ရဲတိုက်ပုံစံငယ်များ ပြသထားသော ပြတိုက်တည်ရှိသည့် Gediminas Tower နှင့် လွန်ခဲ့သည့် နှစ် ၅၀ဝခန့်က လက်ရာ အတိုင်း မပြောင်းလဲဘဲ တည်ရှိနေသည့် St. Anne ဘုရားကျောင်းတို့ပါဝင်သည့် ရှေး ဟောင်းဗိသုကာလက်ရာများကို UNESCO အဖွဲ့က ၁၉၉၄ ခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေး မှုအမွေအနှစ်ဒေသတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ ဥရောပတိုက်တွင် ဂျူးလူမျိုးများနှင့်ပတ်သက်သည့်နေရာများစွာ တည်ရှိသည့်မြို့တစ်မြို့ဖြစ်သဖြင့် Jerusalem of the North နှင့် Rome of the North ၊ Athens of the North၊ New Babylon စသဖြင့် တင်စားခေါ်ဝေါ်ခြင်းခံရသည့်မြို့လည်း ဖြစ်သည်။


ထို့အပြင် ၁၅၂၂ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် Gate of Dawn၊ ၁၀၇၁ ပေ မြင့်၍ ၃၆၀ ဒီဂရီလည်ပတ်ပြီး ရှုခင်းကြည့်ရှုနိုင်သည့် ကော်ဖီဆိုင်ပါရှိသော ရုပ်မြင် သံကြားမျှော်စင်၊ မြို့တော်ခန်းမအဆောက်အအုံ၊ ၁၉ ရာစု အစောပိုင်းက တည်ဆောက် ခဲ့သည့် သမ္မတနန်းတော်၊ ဆိုဗီယက်တို့၏ လွှမ်းမိုးခဲ့မှုကို သရုပ်ဖော်ထားသည့် KGB Museumပြတိုက်၊ ၁၆ ရာစုနှစ်က တည်ဆောက်ခဲ့၍ ဂိတ် ၉ ခုပါဝင်သော ရှေးဟောင်း မြို့ရိုး တို့သည်လည်း Vilnius မြို့၏ ထင်ရှားသည့် အဆောက်အအုံများဖြစ်ကြသည်။ စာရေးသူ အနေဖြင့် အချိန်မရသဖြင့် အခြား မြို့တော်ကြီးများနည်းတူ Vilnius မြို့၌ ရှိသည့် Hop on Hop off Sightseeing bus များဖြင့် ဆက်တက်ကာ လှည့်လည် ကြည့်ရှုလေ့လာခဲ့သော်လည်း အားမရခဲ့ပါ။ အနည်းဆုံး နှစ်ညအိပ်ခရီး သွားမှသာလျှင် ရောက်သင့်ရောက်ထိုက်သည့် နေရာများသို့ စုံလင်စွာရောက်နိုင်မည့် သွားရောက်လေ့ လာသင့်သည့် စိတ်ဝင်စားဖွယ်ရာ နိုင်ငံငယ်တစ်နိုင်ငံဖြစ်ကြောင်း စာရေးသူညွှန်းဆို ချင်မိပါတော့သည်။