ကိုရီးယားတို့ရဲ့ ရတနာ ဂယောင်ဘောက်ကွန်းနန်းတော်ရာ

ဂယောင်ဘောက်ကွန်းနန်းတော်ကြီးက သမိုင်းအစဉ်အလာကြီးမားခဲ့တာကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ အဓိကအထင်ကရနေရာကြီး ဖြစ်လို့နေပါတယ်။ ဂျိုဆောင် မင်းဆက်အစောပိုင်း တေးဂျိုဘုရင် မင်းမူခဲ့စဉ် ကိုရီးယားမြို့တော်ကို လက်ရှိမြောက်ကို ရီးယားနိုင်ငံဘက်ရှိ Kaesong မြို့ကနေ အဲ့ဒီတုန်းက Hanyang လို့ခေါ်တဲ့ ဆိုးလ် မြို့ကိုပြောင်းလဲခဲ့လို့ မြို့တော်အသစ်ပြောင်းလဲတာနဲ့အမျှ နန်းတော်အသစ်လည်း လိုအပ်တာကြောင့် ၁၃၉၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တည် ဆောက်လည်းပြီးရော ဒီနန်းတော်ကြီးဟာ ကိုရီးယားနိုင်ငံရဲ့ ရင်နှစ်သည်းခြာ ရတနာ တစ်ပါးဖြစ်လာခဲ့တယ်။


ဂယောင်ဘောက်ကွန်းဆိုတဲ့ အဓိပ္ပါယ်က နိဗ္ဗာန်ကောင်းချီးပေးရာနန်းတော်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီနန်းတော်ကြီးက မြို့တော်ရဲ့ အဓိက နန်းတော်ဖြစ်ခဲ့ပြီး ဆိုးလ်မှာ ရှိတဲ့နန်းတော်ကြီး ၅ ခုအနက် အကြီးဆုံးနန်းတော်ဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယား နိုင်ငံမြို့တော် ဆိုးလ်မြို့ရဲ့ အလည် ဘူဂါဆန်တောင်နဲ့ နမ်ဆန်တောင်ပတ်လည်ဝိုင်း လို့ တည်ရှိနေပါတယ်။ စတည်ဆောက်ခဲ့တဲ့ အချိန်ကစပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ ကျော်အတွင်း နန်းတော်ကြီးဟာ အခြေအနေမျိုးစုံကို ကြုံကြိုက်ခဲ့ရပါတယ်။
ဂျိုဆောင်မင်းဆက်မှာ အာဏာဗဟိုချက်ဖြစ်ခဲ့တဲ့ နန်းတော်ကြီးဟာ ၁၅၉၂ခုနှစ် ကနေ ၁၅၉၈ ခုနှစ်အထိ ဂျပန်တွေကျူးကျော်တိုက်ခိုက်မှုကြောင့် မီးလောင်ပြာကျ သွားခဲ့ပါတယ်။ အဲ့အချိန်ကစပြီး နန်းတော်ကြီးဟာ နောက်နှစ် ၂၇၀အထိ စွန့်ပစ်ခံ ထားရပါတယ်။ ၁၈၆၈ ခုနှစ်ကျမှ ဂယောင်ဘောက်ကွန်းနန်းတော်ကြီးကို ပြန်လည် တည်ဆောက်ခဲ့ကြပါတယ်။ အဲ့တုန်းက ပြန်လည်တည်ဆောက်ရာမှာ မူလနန်းတော် ကြီးနဲ့ ကွဲပြားစွာ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ရှေးဟောင်းတရုတ် ဗိသုကာ လက်ရာနဲ့ ဂျိုဆောင်မင်းဆက်ရိုးရာကို ပေါင်းစပ်ထားပြီး အဆောက်အအုံပေါင်း ၃၃၀ ကျော်ကို တည်ဆောက်ခဲ့ပါတယ်။ အသစ်တည်ဆောက်မှုက စတုရန်းပေပေါင်း ၄၄ သန်းကျော် အကျယ်ရှိတာကြောင့် မြို့သေးလေးတစ်မြို့လိုဖြစ်နေပါတယ်။
၁၉ရာစုမှာ ဂျပန်တွေထပ်မံကျူးကျော်ခဲ့တဲ့ ကာလအတွင်း နန်းတော်ကြီးဟာ အားလုံးနီးပါး ပြိုပျက်ခဲ့ပြီး အဆောက်အအုံ ၁၀ခုလောက်သာ ကျန်ရစ်ခဲ့ပါတယ်။ အခြားအဆောက်အအုံတွေကတော့ ၁၉၅၀ကနေ ၁၉၅၃ခုနှစ်ကြားမှာ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်း ပျက်စီးခဲ့ကြပါတယ်။ ဂျပန်တွေကျူးကျော်မှုနဲ့ ကိုရီးယားစစ်ပွဲ တွေကြောင့် ပျက်စီးရာမှာ ကျန်ရစ်ခဲ့တဲ့ အဆောက်အအုံတွေကတော့ ပုလ္လင်ထားရှိရာ အကြီးဆုံးခန်းမဆောင်ကြီးဖြစ်တဲ့ Geunjeongjeon Hall၊ နိုင်ငံတကာကသံတမာန်တွေကို ဧည့်ခံရာ Gyeonghoeru Pavilion နဲ့ ရေကန်အလည်က ကျွန်းတုလေး ပေါ်မှာရှိတဲ့ Hyangwonjeong Pavilion တို့ပဲဖြစ်ပါတယ်။


စစ်ကြီးပြီးဆုံးတဲ့အခါမှာ ကိုရီးယားအစိုးရအနေနဲ့ တစ်ချိန်က ရွှေထီးဆောင်းခဲ့တဲ့ ကိုရီးယားတို့ရဲ့ ဂုဏ်ယူဖွယ်ရာနန်းတော်ကြီးကို ဟိုးအရင်မူလအတိုင်း ပြန်လည်တည် ဆောက်ခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ်က စတင်လုပ်ဆောင်ခဲ့တဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်က အနှစ်၂၀ကြာခဲ့တယ်လို့ သိရပါတယ်။
အခုလက်ရှိအချိန်မှာတော့ နန်းတော်ဝင်းအတွင်းမှာ နန်းတော်ဆောင်ကြီးတွေ အပြင် ကိုရီးယားအမျိုးသားရိုးရာပြတိုက်နဲ့ ကိုရီးယားအမျိုးသားနန်းတော်ပြတိုက်ဆိုပြီး ပြတိုက်နှစ်ခုပါရှိလို့နေပါတယ်။ ပြတိုက်ထဲမှာ ဂျိုဆောင်မင်းဆက်မှာ တော်ဝင်မိသားစု တွေ အသုံးပြုခဲ့တဲ့ ရှေးဟောင်းပစ္စည်းပေါင်း ၄၀၀၀၀ ကျော်ကို ပြသထားပါတယ်။ နန်းတော်ဝင်းအတွင်း နေ့လည် ၁နာရီ ကနေ ၃နာရီကြားအချိန်အတွင်း ဂိတ်စောင့် ရဲမက်တွေ ပြောင်းလဲတဲ့အခမ်းအနားကို တစ်နာရီကြားတစ်ခါ ကျင်းပလေ့ရှိပါတယ်။ အခကြေးငွေပေးစရာမလိုဘဲ နန်းတော်အနှံ့ အင်္ဂလိပ်၊ ဂျပန်နဲ့ တရုတ်လို လိုက်ရှင်းပြတဲ့ အစီအစဉ်တွေလည်း ရှိပါတယ်။
နောက်ပြီး နန်းတော်ဝင်းအတွင်း ကိုရီးယားနန်းတွင်းသူ၊ နန်းတွင်းသားတွေလို ဝတ်စားကာ လည်ပတ်နိုင်အောင် ကိုရီးယားရိုးရာအဝတ်အစားတွေ ငှားရမ်းတဲ့ဆိုင်တွေ နန်းတော်ပတ်ဝန်းကျင်မှာ အများကြီးရှိလို့နေပြီး ဧည့်သည်တိုင်းလိုလို ကိုရီးယားရိုးရာ အဝတ်အစားတွေဝတ်ကာ နန်းတော်ထဲလျှောက်ကြည့်ဓာတ်ပုံရိုက်ရတာ ပျော်စရာ ကောင်းလှပါတယ်။ ရှေးခေတ်ပြန်ရောက်သွားသလိုလို၊ ကိုရီးယား ရှေးဟောင်းဇာတ် ကားထဲ ဝင်သရုပ်ဆောင်ရသလိုလို ခံစားရပါတယ်။ နန်းတော်တွင်းဝင်ကြေးကို ကိုရီး ယားဝမ် ၃၀၀၀ (မြန်မာငွေ ၄၀၀၀ဝန်းကျင်) ကျသင့်ပေမဲ့ ရိုးရာဝတ်စုံ ဝတ်ဆင်ထားရင် ဝင်ကြေးမကောက်ခံဘူးလို့လည်း သိရပါတယ်။ ဒီလိုစီစဉ်ထားမှုတွေက အဆင် ပြေလှပြီး ကိုရီးယားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်စေတာကြောင့် အတုယူသင့်ပါတယ်။