ဟန်ဂေရီနှင့် သူ၏မြို့တော်

ယခင်တစ်ပတ်မှအဆက် . . .
ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့ရှိ အခြားထင်ရှားသည့် အဆောက်အအုံတစ်ခုမှာ ပက်စ် (Pest) ဘက်ခြမ်းရှိ ကမ္ဘာ့တတိယအကြီးဆုံး လွှတ်တော်အဆောက်အအုံကြီး ဖြစ်ပါသည်။ ၃၈၇ ပေမှ ၈၇၉ ပေအထိ မြင့်သည့်အဆောက်အအုံများ ဆက်စပ်တည် ဆောက်ထား၍ ခေါင်မိုးချွန်များစွာပါဝင်ပြီး ခမ်းနားထည်ဝါလှသည့် ဟန်ဂေရီန်ိုင်ငံ လွှတ်တော်အဆောက်အအုံကြီးကို ၁၈၈၅ မှ ၁၉၀၄ ခုနှစ်အတွင်း တည်ဆောက်ခဲ့၍ ၁၈၆၉ ခုနှစ်တွင် ယင်း၌ လွှတ်တော်အစည်းအဝေးများကို ပထမဆုံး ကျင်းပခဲ့သည်။ ဝင်ပေါက် ၂၇ ခုရှိ၍ ၆၉၁ခန်း ပါရှိသည့် ယင်းအဆောက်အအုံတွင် ရုပ်တုပေါင်း ၂၃၃ ခုရှိရာ ယင်းတို့အနက် ၈၈ ခုမှာ အဆောက်အအုံအပြင်ဘက်တွင် ခမ်းနားလှပစွာ တည်ရှိနေပြီး ယင်းသို့ နှစ်စဉ်ကမ္ဘာလှည့်ခရီးသည် လေးသန်းခွဲခန့် လာရောက်ကြည့် ရှုလေ့လာကြကြောင်းသိရပါသည်။


ဘူဒါပက်စ်မြို့၏ ထူးခြားလှပသည့် အကြောင်းရင်းတစ်ခုမှာ မြို့လယ်တွင် ဖြတ် သန်းစီးဆင်းသွားသည့် ဒန်ညုမြစ်ပေါ်တွင် အနောက်ဘက် ဘူဒါအခြမ်းနှင့် အရှေ့ ဘက် ပက်စ်အခြမ်းတို့ကို ပုံစံမတူသည့် တံတား ၈ စင်းဖြင့် ဆက်သွယ်ထားခြင်းပင် ဖြစ်သည်။ ယင်းတို့အနက် ကျောက်တုံး၊ ကျောက်သားတိုင်ကြီးနှစ်တိုင်ဖြင့် တည် ဆောက်ထားသည့် Szechenyi Chain Bridge တံတားကြီးသည် သက်တမ်းအရင့် ဆုံးဖြစ်၍ ၁၀ နှစ်ကြာ တည်ဆောက်ခဲ့ပြီး ၁၈၄၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာ ၁၉၄၉ ခုနှစ်၌ ပြန်လည်ပြုပြင်ခဲ့သည်။ ၁၂၄၆ ပေ ရှည်လျား၍ တံတားထိပ် တစ်ဖက်တစ်ချက်တွင် ခြင်္သေ့ရုပ်တု နှစ်ခုစီရှိသည်။ ၁၈၉၆ ခုနှစ်တွင် တည်ဆောက်ခဲ့၍ ၁၉၄၆ ခုနှစ်တွင် ပြုပြင်ခဲ့သော Liberty တံတားဟု အမည်တွင်သည့် အစိမ်းရောင်သံမဏိတံတားကြီး သည်လည်း ၁၁၀၅ ပေ ရှည်၍ ယင်း၏ အလယ်တိုင်ကြီးလေးတိုင်ထိပ်တွင် ဟန်ဂေရီ ဒဏ္ဍာရီလာ ငှက်တစ်ကောင်စီ ပျံသန်းနေသည့် ရုပ်တုများ ထားရှိသည်မှာ ထူးခြား လှသည်။ ၁၉၀၃ ခုနှစ်တွင် တည်ဆောက်ခဲ့၍ ၁၉၆၄ ခုနှစ်တွင် ပြုပြင်ခဲ့သည့် ခြောက်လမ်းသွား Elizabeth တံတားကြီးမှာ ဟန်ဂေရီလူမျိုးတို့ ချစ်ခင်လေးစားသည့် အင်္ဂ လန်နိုင်ငံ ဘုရင်မကြီး အဲလိဇဘက်ကို ဂုဏ်ပြု၍ အမည်ပေးထားခဲ့ကြောင်းလည်း သိရပါသည်။


မြို့လယ်ရှိ သမိုင်းဝင် သူရဲကောင်းရင်ပြင်ကြီးတွင် သူရဲကောင်းရုပ်တုများစွာ တည်ရှိ၍ ရင်ပြင်အလယ်ရှိ တိုင်ထိပ်တွင် လက်နှစ်ဖက်ကိုမြှောက်ပြီး တစ်ဖက်၌ မြင့်မြတ်သော သရဖူနှင့် အခြားတစ်ဖက်၌ လက်ဝါးကပ်တိုင်ကို ကိုင်ဆောင်ထားသော တောင်ပံပါသည့် Gabriel တန်ခိုးရှင်နတ်သားရုပ်တုရှိသည်။ ၁၁၈ ပေမြင့်၍ ၁၉၂၉ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည့် ယင်းကျောက်တိုင်ကြီးကို အဝေးမှထင်ရှားစွာ မြင် တွေ့ခဲ့ရပါသည်။ ထို့ပြင် အသုံးချအနုပညာပြတိုက်၊ အမျိုးသားပြဇာတ်ရုံ၊ အမျိုးသား ဇာတ်ရုံကြီး၊ ရှေးခေတ်ဈေးရုံကြီး၊ ၁၈၇၇ ခုနှစ်က တည်ဆောက်ခဲ့သည့် Nyugati ဘူတာရုံကြီးနှင့် Trinity ရင်ပြင်စသည်တို့လည်း ဘူဒါပက်စ်မြို့၏ ထင်ရှားသော အဆောက်အအုံနှင့် နေရာများပင်ဖြစ်ကြပါသည်။
အချိန်မရသဖြင့် ယင်းတို့ကို စာရေးသူ အသေးစိတ်မလေ့လာဖြစ်ခဲ့ရုံသာမက ယင်းတို့အပြင် အခြားထင်ရှားသည့်အဆောက်အအုံများ၊ ဥယျာဉ်များ၊ ပြတိုက်များ၊ ရုပ်တုများစသည့် လေ့လာသင့်သည့်နေရာအများအပြား ကျန်ရှိနေပါသေးသည်။ ၁၉၈၇ ခုနှစ်တွင် ဘူဒါရဲတိုက်၊ လွှတ်တော်အဆောက်အုံနှင့် Chain Bridge တို့အပါ အဝင် ဒန်ညုမြစ် တစ်ဖက်တစ်ချက်နေရာများသည် ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာများ စာရင်းဝင်ခဲ့သည့်အပြင် ၂၀၀၂ ခုနှစ်တွင် သူရဲကောင်းရင်ပြင် သည်လည်း ယူနက်စကိုစာရင်းဝင်ခဲ့ပြန်သဖြင့် အရှေ့ဥရောပ၏ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်အများအပြားထွန်းကားရာ၊ စုဝေးတည်ရှိရာ ဘူဒါပက်စ်မြို့တော်သို့ စာရေး သူ နောက်ထပ်တစ်ကြိမ် သွားရောက်လေ့လာရန် ရည်ရွယ်ထားခဲ့မိပါတော့သည်။