ဟန်ဂေရီနှင့် သူ၏မြို့တော်

အလယ်ဥရောပရှိ ဟန်ဂေရီနိုင်ငံသည် ဩစတြီးယား၊ ဆလိုဗက်ကီးယား၊ ယူကရိန်း၊ ရိုမေးနီးယား၊ ဆားဗီးယား၊ ခရိုအေးရှားနှင့် ဆလိုဗီးနီးယားနိုင်ငံတို့အကြား တည်ရှိသည့် ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော်လည်း ဥရောပတိုက်၌ လူသိများ၍ ထင်ရှားလှသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဂျာမနီနိုင်ငံမှ မြစ်ဖျားခံ၍ နိုင်ငံပေါင်း ၁၀ နိုင်ငံကို ဖြတ်သန်းစီးဆင်းပြီး ပင်လယ်နက်ထဲသို့ စီးဝင်ကာ ဥရောပတိုက်၏ ဒုတိယအရှည်ဆုံး မြစ်ဖြစ်သည့် ဒန်ညု (Danube) မြစ်သည် ဟန်ဂေရီနိုင်ငံကိုလည်း အလယ်မှ ဖြတ် သန်းစီးဆင်းသွားပါသည်။ (မြေပုံကိုရှုပါ။) ရောမ၊ တူရကီနှင့် ဂျာမနီတို့၏ လွှမ်းမိုး အုပ်ချုပ်မှု ခံခဲ့ရပြီး ယခင်ဆိုဗီယက်ပြည်ထောင်စု၏ ဩဇာလွှမ်းမိုးမှုခံခဲ့ရသော်လည်း သမိုင်းကြောင်း အစဉ်အလာကြီးခဲ့သည့် ဟန်ဂေရီနိုင်ငံသည် ယခုအခါ လွတ်လပ်၍ ခေတ်မီဖွံ့ ဖြိုးတိုးတက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ လူဦးရေ ၁၀ သန်းခန့်ရှိ၍ ဟန်ဂေရီ လူမျိုး ၈၀ ရာခိုင်နှုန်းခန့် နေထိုင်ပြီး ခရစ်ယာန်ဘာသာဝင် ၇၆ ရာခိုင်နှုန်း ခန့်ရှိသော ဟန်ဂေရီနိုင်ငံတွင် မြို့တော်မှာ ဘူဒါပက်စ် (Budapest) မြို့ဖြစ်၍ ယင်း ကိုလည်း ဒန်ညုမြစ်က ဖြတ်သန်းစီးဆင်းလျက်ရှိသည်။


ဥရောပတိုက်တွင် ''ဥရောပ၏ အသည်းနှလုံး''၊ ''ဒန်ညုမြစ်၏ ဘုရင်မ''၊ ''လွတ် လပ်မှု၏မြို့တော်''၊ ''ရေပူစမ်းမြို့တော်''နှင့် ''ပွဲတော်များ၏မြို့တော်''ဟုလည်း ခေါ် ဝေါ်သုံးနှုန်းလေ့ရှိကြသော ဘူဒါပက်စ်မြို့တွင် တောင်ကုန်းထူထပ်သည့် ဘူဒါ (Buda)နှင့် မြေပြန့်ပိုင်းဖြစ်သည့် ပက်စ် (Pest) တို့ကို ဒန်ညုမြစ်က ပိုင်းခြားထားသော်လည်း ၁၈၇၃ ခုနှစ်မှစ၍ ဘူဒါ၊ ပက်စ်နှင့် Obudaa ဒေသတို့ကို ပေါင်းပြီး ဘူဒါပက်စ်မြို့ကြီး အဖြစ် သတ်မှတ်ခဲ့ကြသည်။ မြို့တော်၌ လူနှစ်သန်းခန့်နှင့် မြို့တော်ဧရိယာ တစ်ခု လုံးတွင် လူသုံးသန်းခွဲခန့် နေထိုင်သော ဘူဒါပက်စ်မြို့သည် ဥရောပရှိ လူနေထူထပ် သည့် မြို့ကြီးတစ်မြို့ဖြစ်၍ ကုန်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ဖျော်ဖြေရေး၊ ဖက်ရှင်၊ အနုပညာ၊ သုတေသနနှင့် နည်းပညာတို့တွင် ထင်ရှားကျော်ကြားပါသည်။ အလယ်နှင့် အရှေ့ဥရောပ၏ အကြီးဆုံး စတော့အိတ်ချိန်း (Stock Exchange)ရှိ၍ လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀ ကျော်၊ ၁၈၉၆ ခုနှစ်ကတည်းက ကမ္ဘာ့ဒုတိယ အစောဆုံး မြေအောက်ရထားလိုင်းလည်းရှိသည်။ ရေပူစမ်းများပြား၍ မြို့လယ်တွင် ဒန်ညုမြစ်ကြီးက ကွေ့ ဝိုက်ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ယင်းမြို့သည် ဥရောပတိုက်၏ အလှဆုံးမြို့တော် များတွင်လည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။


ဘူဒါဘက်ခြမ်း တောင်ကုန်းပေါ်တွင် တည်ရှိ၍ ခမ်းနားလှပသော ဘူဒါရဲတိုက် (Buda Castle) သည် ဘူဒါပက်စ်မြို့၏ ကျော်ကြားလှသည့် အဆောက်အအုံတစ်ခုဖြစ် ပြီး ဒန်ညုမြစ်အတွင်း အပျော်စီးသင်္ဘောပေါ်မှ စာရေးသူတို့ ထင်ထင်ရှားရှား တွေ့မြင် ခဲ့ရပါသည်။ ၁၂၄၂ ခုနှစ်က တည်ဆောက်ခဲ့၍ တော်ဝင်ရဲတိုက်နှင့် ဘုရင့်နန်းတော်ဖြစ် ခဲ့ပြီး ၁၇၄၈ မှ ၁၇၇၀ ပြည့်နှစ်နှင့် ၁၉၄၆ ခုနှစ်တို့တွင် ပြန်လည်ပြုပြင်ခဲ့ကြသည်။ ၁၉၄၆ ခုနှစ် နောက်ပိုင်းမှစ၍ ဟန်ဂေရီနိုင်ငံ၏ အမျိုးသားယဉ်ကျေးမှုပြခန်းမကြီး၊ ဘူဒါပက်စ်မြို့သမိုင်းပြတိုက်နှင့် ဟန်ဂေရီအမျိုးသားစာကြည့်တိုက်တို့အဖြစ် ရပ်တည် လျက်ရှိသည်။ ယင်း၌ ကမ္ဘာ့ဒုတိယ အစောဆုံး တောင်ကမ်းပါးယံစောင်းကြိုးဆွဲ ရထားရှိ၍ ၁၈၇၀ ပြည့်နှစ်ကပင် ဒီဇိုင်းဆွဲကာ တည်ဆောက်ခဲ့ပြီး ၃၁၂ ပေခန့် ရှည်လျားကာ ၄၈ ဒီဂရီအထိ မြင့်သည့် တောင်စောင်းပေါ်သို့ ကြိုးဆွဲရထားဖြင့် တက်ရောက်နိုင်ခြင်းဖြစ်ရာ လွန်စွာအံ့ဩဖွယ်ကောင်းလှပါသည်။


ထို့အပြင် Gellert တောင်ကုန်းပေါ်၌ တည်ရှိသော Citadel ခံတပ်ကြီးနှင့် လွတ်လပ်ရေးရုပ်တုကြီး (Statue of Liberty) တို့သည်လည်း ဘူဒါဘက်ကမ်းတွင် ခမ်းနားထည်ဝါစွာ တည်ရှိနေပါသည်။ တောင်ကုန်းထိပ်သို့ ကားဖြင့်သွား၍ ခံတပ်ကြီး အနီးမှ အတန်ငယ်လမ်းလျှောက်ကြပြီးနောက် လွတ်လပ်ရေးရုပ်တုကြီးသို့ ရောက်ရှိ ပါသည်။ တစ်ဖက်တွင် အမှတ်တရပစ္စည်းအရောင်းဆိုင်တန်းတည်ရှိ၍ အခြားတစ်ဖက် တွင် သာယာလှပသည့် ဘူဒါပက်စ်မြို့ မြင်ကွင်းကို ရှုမငြီးဖွယ်ရာ မြင်တွေ့ခဲ့ရပါသည်။ ဒန်ညုမြစ်ကြီး၏ ဝဲဘက်တွင် တောင်တန်းများ နောက်ခံထား၍ သမိုင်းဝင်ရှေးဟောင်း နှင့် ခေတ်မီအဆောက်အအုံများ တည်ရှိနေသည့် ဘူဒါဘက်ခြမ်း၊ တံတားများ ဖြတ် သန်းတည်ဆောက်ထား၍ သင်္ဘောများ ဖြတ်သန်းသွားလာနေကြသည့် ဒန်ညုမြစ်ကြီး နှင့် ယာဘက်တွင် ခေတ်မီမြို့ပြအဆောက်အအုံအများအပြားတည်ရှိရှာ ပက်စ်ဘက် ခြမ်းတို့ပါဝင်သော မြင်ကွင်းကျယ်ရှုခင်းကို စာရေးသူတို့ အတန်ကြာ ငေးမောကြည့်ရှု နေခဲ့မိပါတော့သည်။ ၇၂၂ ပေခန့်ရှည်၍ ၁၅၀ မှ ၂၀၀ ပေအထိ ကျယ်ပြီး ပေ ၄၀ မှ ၅၂ ပေအထိ မြင့်သော ယင်းခံတပ်ကြီးမှာ ၁၈၁၃ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်၍ ၁၈၄၈-၄၉ ခုနှစ် လွတ်လပ်ရေးတိုက်ပွဲကာလတွင် ထင်ရှားခဲ့သည်။ ခံတပ်ပေါ်တွင် ၄၆ ပေ မြင့်သော လွတ်လပ်ရေးရုပ်တုရှိ၍ ထန်းလက်ကို လက်နှစ်ဘက်ဖြင့် ကိုင် မြှောက်ထားသည့် အမျိုးသမီးပုံ ကြေးရုပ်တုဖြစ်ပြီး အောက်ခံအုတ်ခုံမှာ ၈၅ ပေခန့် မြင့်သည်။ လွတ်လပ်ရေးတိုက်ပွဲအတွက် အသက်စွန့်ခဲ့ကြသည့် သူရဲကောင်းများအား ရည်စူး၍ ၁၉၄၇ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရှေ့တစ်ပတ်တွင် ဆက်လက်ဖတ်ရှုပါရန်