ထင်ရှားကျော်ကြားဆစ်ဆောင်ပန်နား

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တောင်ဘက်စွန်း၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ကပ်လျက်တည်ရှိသည့် ဆစ်ဆောင်ပန်နား (Xishaungbanna) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသသည် သဘာ၀အလှနှင့် ရိုးရာယဉ်ကျေးမှုများကြောင့် ပြည်တွင်းပြည်ပ ခရီးသည်များအကြား ရေပန်းစားလျက်ရှိရုံသာမက ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ် သည့် ရှမ်းလူမျိုးများလည်း နေထိုင်ရာဖြစ်သဖြင့် စာရေးသူ အထူးစိတ်ဝင်စားခဲ့မိပါသည်။ များမကြာမီက တရုတ်နိုင်ငံတွင် တိုင်(Dai) (Tai) လူမျိုးများဟု သတ်မှတ်ထားသည့် ရှမ်းလူမျိုးများ အဓိကနေထိုင်ရာ ဆစ်ဆောင်ပန်နားဒေသ၏မြို့တော် ကျင်းဟောင် (Jinghong)မြို့နှင့် ယင်းအနီးရှိ ဖူအာ (Pu'er) မြို့သို့ စာရေးသူရောက်ခဲ့ပါသည်။


ဆစ်ဆောင်ပန်နားကို Sipsong Panna ဟုလည်း ရေးသားလေ့ရှိ၍ ထိုင်းဘာ သာစကားနှင့် ရင်းမြစ်တူသည့် Sipsong မှာ '၁၂' ဖြစ်၍ Pan က 'မြို့နယ်' နှင့် na က'ဆန်စပါး'ဟု အဓိပ္ပာယ်ရသည်။ ဆန်စပါးစိုက်ပျိုးသော မြို့နယ် ၁၂ ခု စုပေါင်းတည် ရှိရာဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ ၁၉၅၅ ခုနှစ်က စတင်၍ သတ်မှတ်ခဲ့သော ယင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မဲခေါင်မြစ်(တရုတ်အခေါ် Lancang မြစ်)ကမ်းနံ ဘေးတွင်တည်ရှိသည့် ကျင်းဟောင်မြို့တော်၊ Menghai နှင့် Mengla ခရိုင်နှစ်ခု ပါဝင်ပါသည်။ ဆစ်ဆောင်ပန်နားတွင် လူဦးရေ ၁ သန်းခန့်ရှိပြီး တိုင်လူမျိုးတို့ အများ ဆုံးနေထိုင်ကာ ၃၀ ရာခိုင်နှုန်းခန့်ဖြစ်သည်။ ဒုတိယအများဆုံးမှာ ဟန် (တရုတ်)လူမျိုး တို့ဖြစ်၍ အခြားတိုင်းရင်းသားများလည်း နေထိုင်ကြသည်။ တိုင်(ရှမ်း)လူမျိုးတို့သည် ဆစ်ဆောင်ပန်နားဒေသနှင့် ယင်းအနီးတဝိုက် ယူနန်ပြည်နယ်အတွင်း၌ စုစုပေါင်း လူဦးရေ ၁ ဒသမ ၂ သန်းခန့် နေထိုင်၍ ထိုင်းနှင့် လာအိုနိုင်ငံတို့တွင် ၁ သိန်းခွဲခန့်စီ နေထိုင်ပြီး၊ ရှမ်းလူမျိုး စုစုပေါင်း ၈ သန်းခန့်ရှိရာ မြန်မာနိုင်ငံတွင် ၆ သန်းခွဲခန့် နေထိုင် ကြောင်း သိရပါသည်။ တိုင်လူမျိုးတို့သည် ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းထားကြ၍ ဆင်၊ ဒေါင်း စသည့် သတ္တဝါများကို အမြတ်တနိုးထားကြပြီး ခေတ်မီအဆောက်အ အုံများကိုပင် ရိုးရာဟန်များ ထည့်သွင်းတည်ဆောက်ကြကာ မြို့တွင်းရှိ လမ်းများတစ် လျှောက်ရိုးရာ အနုပညာလက်ရာများ ဖန်တီးအလှဆင်ထားသည်ကိုလည်း မြင်တွေ့ခဲ့ရ သည်။ နှစ်စဉ် ဧပြီလ ၁၃ ရက်မှ ၁၅ ရက်အထိ ရိုးရာသင်္ကြန်ပွဲတော်ကျင်းပလေ့ရှိ၍ ရေသဘင်ပွဲအပြင် နဂါးလှေပြိုင်ပွဲ၊ မီးပုံးပျံလွှတ်ပွဲ၊ မီးကျည်လွှတ်ပြိုင်ပွဲ စသည်တို့ကို လည်းထည့်သွင်း ကျင်းပလေ့ရှိသည်။ ထို့အပြင် အချို့ကလည်း ကဆုန်ညောင်ရေသွန်းပွဲကိုပင် ဆင်နွှဲကြကြောင်း သိရသည်။ Mengle ဘုရားကျောင်းဝင်းအတွင်းနှင့် တိုင်လူမျိုးတို့၏ အမျိုးသားဥယျာဉ်တို့၌ ရေသဘင်ပွဲတော် သရုပ်ပြပွဲကို ပြသလေ့ရှိရာ လာရောက်လေ့လာသူများကိုယ်တိုင် ပါဝင်ဆင်နွှဲနိုင်ကြောင်းသိရသည်။


ဆစ်ဆောင်ပန်နားဒေသ ကျင်းဟောင်မြို့တစ်ဝိုက်တွင် စေတီ၊ ဘုရားကျောင်း ကန်များစွာရှိ၍ ရုက္ခဗေဒဥယျာဉ်များလည်း ရှိသည်။ ယင်းတို့အနက် ၁၄၇၇ ခုနှစ်က တည်ဆောက်ခဲ့၍ တရုတ်နိုင်ငံတွင် အကြီးဆုံးသော ထေရဝါဒဗုဒ္ဓဘာသာ ဘုရား ကျောင်းဖြစ်သည့် Mengle မဟာဗုဒ္ဓဘုရားကျောင်းနှင့် ယင်းဥယျာဉ်အတွင်းရှိ ဗုဒ္ဓ ရုပ်ပွားတော်ကြီး၊ ၁၉၅၉ ခုနှစ်တွင် တည်ထောင်ခဲ့၍ ၁၁၀၀ ဟက်တာ ကျယ်ဝန်းပြီး အပင်မျိုးစိတ်ပေါင်း ၁၃၀၀၀ ခန့်ရှိသော တရုတ်နိုင်ငံ၌ အကြီးဆုံးနှင့် အပင်အများဆုံး ရုက္ခဗေဒဥယျာဉ်ဖြစ်သည့် ဆစ်ဆောင်ပန်နား အပူပိုင်းဒေသရုက္ခဗေဒဥယျာဉ်၊ တိုင် လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် နေထိုင်ပုံများကို ပြသထားသည့် တိုင်အမျိုးသားဥယျာဉ်နှင့် ဒေါင်းဥယျာဉ်တို့သည် အဓိကသွားရောက်လေ့လာသင့်သည့်နေရာများပင်ဖြစ်ပါသည်။ ကျင်းဟောင်မြို့တွင် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ၍ တရုတ်နိုင်ငံမြို့ကြီးများနှင့် ထိုင်း နိုင်ငံ ဘန်ကောက်မြို့၊ လာအိုနိုင်ငံ လွမ်ပရာဘွန်မြို့များသို့ ပြေးဆွဲလျက်ရှိပြီး ပြည် တွင်းပြည်ပခရီးသွား အများအပြားလာရောက်လေ့ရှိကာ မြန်မာနိုင်ငံနှင့်လည်း နီးကပ် စွာတည်ရှိနေသဖြင့် သွားရောက် လေ့လာသင့်သည့် စိတ်ဝင်စားဖွယ်နေရာတစ်ခု ဖြစ် ကြောင်း ညွှန်းဆိုလိုက်ရပါတော့သည်။