ကမ္ဘာ့အကြီးဆုံး ဘုရားကျောင်း Angkor Wat

Travelogue

ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ အန်ကောဝပ် Angkor Wat ဘုရားကျောင်းကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဘာသာရေးဆိုင်ရာ အဆောက်အအုံကြီးဖြစ်ပါတယ်။ မူလပထမက ဟိန္ဒူဘုရားကျောင်းကြီးဖြစ်ပေမဲ့ ၁၂ ရာစုနှောင်းပိုင်းမှာ ဗုဒ္ဓဘာသာဘုရားကျောင်းကြီးအဖြစ် ပြောင်းလဲကိုးကွယ်ခဲ့ကြပါတယ်။ နဂိုကတည်းက လက်ရာမြောက်ခဲ့တဲ့ ကျောင်းတော်ကြီးမှာ ဗုဒ္ဓဆင်းတုတော်တွေ ထပ်မံထည့်သွင်းကာ အခုအချိန်အထိ ကိုးကွယ်နေဆဲဖြစ်ပါတယ်။ ဟိန္ဒူဘာသာရော ဗုဒ္ဓဘာသာအရပါအရေးပါတဲ့ အဆောက်အအုံဖြစ်တာကြောင့် ၁၉၉၂ခုနှစ်မှာ UNESCO အသိအမှတ်ပြုကမ္ဘာ့အမွေ အနှစ်နေရာအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။  ဆီယန်ရိ(ပ်)မြို့ရဲ့ လေးမိုင်အကွာမှာတည်ရှိတဲ့ ကျောင်းတော်ကြီးဟာ ဘယ်လောက်တောင်ကြီးမားသလဲဆိုရင် ကျောင်းတော်ကြီး တည်ဆောက်ခဲ့စဉ်က သဲကျောက်တုံး တန်ချိန် ၅ သန်းတောင် အသုံးပြုခဲ့ရပါတယ်။ ဒီပမာဏဟာ အီဂျစ်နိုင်ငံ ဂီဇာပိရမစ်ကြီးဆောက်လုပ်ရာမှာ အသုံးပြုတဲ့ပမာဏနဲ့အတူတူပါပဲ။ သဲကျောက်တုံးကြီးတွေကို ဘုရားကျောင်းကြီးနဲ့ ၂၅ မိုင်အကွာရှိ ကျောက်တွင်းကနေသယ်ယူကာ ဆောက်လုပ်ခဲ့ရပါတယ်။ ခမာဘုရင် ဆာယာဗာမန်(၂) လက်ထက်မှာ အလုပ်သမား ပေါင်း ၃ သိန်းကျော်၊ ဆင်စီးရေပေါင်း ၁၀၀၀ ကျော်နဲ့ စက်ပစ္စည်း အကူအညီတွေမပါဘဲ ၁၁၁၃ ခုနှစ်ကနေ ၁၁၅၀ ခုနှစ်အထိ ၃၇ နှစ်ကြာ ဆောက်လုပ်ခဲ့ရတာပါ။ အန်ကောဘုရားကျောင်းဝင်းအကျယ်က စတုရန်းမိုင်ပေါင်း ၂၄၈ မိုင်ထိ ကျယ်ဝန်းပြီး ဘုရားကျောင်းကို ကျုံးပတ်လည်ဝန်းရံထားတာတွေ့ရပါတယ်။ ဘုရားကျောင်းဝင်းထဲမှာ ရေကန်ကြီးနှစ်ကန်ရှိပြီး  ဘုရားကျောင်းနံရံတွေမှာ ဟိန္ဒူဘာသာရဲ့ ဇာတ်နိပါတ်တော်တွေကို ပုံဖော်ထုဆစ်ထားတာလည်းတွေ့ရပါတယ်။ ဘုရားကျောင်းကြီးရဲ့ အောက်ခြေပင်မအဆောက်အအုံကနေ ကြာဖူးငါးဖူးထိုးထွက်နေသလို တိုင်ငါးတိုင် ထိုးထွက်နေပြီး ခလယ်ရှိအမြင့်ဆုံးတိုင်က အမြင့်ပေ ၂၁၃ ပေရှိပါတယ်။ ဟိန္ဒူအယူအရ ဟိန္ဒူနတ်ဘုရားတွေနေထိုင်ရာတောင်ဖြစ်တဲ့ မေရုတောင်(မြင့်မိုရ်တောင်)နဲ့ ဘေးပတ်လည်ရှိ ကျွန်းကြီးလေးကျွန်းကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။ ဘုရားကျောင်းကြီးက လက်ရာမြောက်လွန်းတာကြောင့် ခမာဗိသုကာလက်ရာကို အကောင်းဆုံးကိုယ်စားပြုတဲ့ ကျောင်းတော်ကြီးလို့လည်း ပြောလို့ရပါတယ်။

ဒါ့အပြင် ကျောင်းတော်ကြီးဟာ ကမ္ဘောဒီးယားမှာရှိတဲ့ တခြားဘုရားကျောင်းတွေ၊ တခြားဟိန္ဒူဘုရားကျောင်းတွေနဲ့မတူဘဲ အနောက်ဘက်ကို မျက်နှာစာပြုထားတာ တွေ့ရပါတယ်။ အနောက်အရပ်နတ်ဘုရားဖြစ်တဲ့ ဟိန္ဒူနတ်ဘုရားဗစ်(ရှ)နူးကို ရည် ရွယ်ပြီး ဆောက်ထားတာကြောင့်ဖြစ်နိုင်ပါတယ်။ အနောက်ဘက်အရပ်ကို မျက်နှာမူနေ တာကြောင့်လည်း နေဝင်ချိန်မှာ ညနေစောင်းနေရောင်နဲ့ ပိုလှပခမ်းနားကာ လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားမှုပေးစွမ်းနိုင်လို့ နေဝင်ချိန်မှာ ဧည့်သည်တွေနဲ့ အထူးစည်ကား လျှက်ရှိပါတယ်။  အန်ကောဝပ်ဆိုတဲ့နာမည်ကို ခမာဘာသာကနေ ပြန်ဆိုရမယ်ဆိုရင် ဘုရားကျောင်းမြို့တော်လို့ အဓိပ္ပာယ်ရပါတယ်။ အန်ကောဝပ်က ကမ္ဘာလှည့်ခရီးတွေ ကမ္ဘောဒီးယားနိုင်ငံဆီ လာရောက်လည်ပတ်ကြတဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး  နိုင်ငံသားတွေ အလွန်ဂုဏ်ယူတာကြောင့် နိုင်ငံတော်အလံမှာ အန်ကောဝပ်အဆောက်အအုံပုံကို ၁၈၆၃ခုနှစ်ကတည်းက ထည့်သွင်းခဲ့ပါတယ်။ ကမ္ဘာမှာ အဆောက်အုံပုံကို အလံမှာထည့်ထားတာ ကမ္ဘောဒီးယားနဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံသာရှိပါတယ်။

၂၀၀၁ခုနှစ်က ထွက်ရှိခဲ့တဲ့ အန်ဂျလီနာဂျိုလီရဲ့ ကမ္ဘာကျော်အက်ရှင်ဇာတ်ကား Tomb Raider မှာ အန်ကောဘုရားကျောင်းတစ်ခုဖြစ်တဲ့ တာဖရွန်(Ta Phrom) ဘုရားကျောင်းကို ထည့်သွင်းရိုက်ကူးပြီးနောက်ပိုင်း ကမ္ဘောဒီးယားကို ကမ္ဘာလှည့်ခရီးသည်များစွာ စိတ်ဝင်တစားလာရောက်လည်ပတ်ခဲ့ကြပါတယ်။ အဲဒီဘုရားကျောင်းထဲက အပင်ကြီးတွေရဲ့ အမြစ်တွေက ဘုရားကျောင်းကို ဝါးမြိုထားသလိုဖြစ်နေပြီး အမြင် အရမ်းဆန်းကျယ်တာကြောင့် ပါရာမောင့်ရုပ်ရှင်ကုမ္ပဏီအနေနဲ့ ထိုနေရာအတွက် ရိုက်ကူးခတစ်ရက်ကို အမေရိကန်ဒေါ်လာ၁သောင်းအကုန်ခံပြီး ၇ ရက်ကြာရိုက်ကူးခဲ့ကာ ကမ္ဘာကျော်ခဲ့သွားတာပါ။ ဒီဇာတ်ကားရိုက်ကူးရင်းနဲ့ပဲ အင်ဂျလီနာဂျိုလီဟာ ကမ္ဘောဒီးယားနိုင်ငံသား ကလေးငယ် Maddox ကို သားအဖြစ်မွေးစားဖြစ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ အန်ကောဝပ်နဲ့ တာဖရွန်ဘုရားကျောင်းတွေအပြင် အနီး အနားရှိ အန်ကောသုမ် (Angkor Thom) နဲ့ ဘေယွန်ဘုရားကျောင်းတို့ဆီကိုလည်း ကမ္ဘာလှည့်ခရီးသည်များစွာ လာရောက်လည်ပတ်လျှက်ရှိပါတယ်။ ဒီဘုရားကျောင်းတွေ အကုန်လုံးပေါင်းကာ ဇုံတစ်ခုအဖြစ်သတ်မှတ်ထားပြီး ကမ္ဘာလှည့်ခရီးသည်တွေကို ဇုံဝင်ကြေးအဖြစ် တစ်ရက်ကို အမေရိကန်ဒေါ်လာ ၃၇ဒေါ်လာ၊ သုံးရက်ကို ၆၂ဒေါ်လာ နဲ့ တစ်ပတ်ကို ၇၂ဒေါ်လာ ကောက်ခံလျှက်ရှိပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂီဦး