စင်ကာပူရှိ ကမ္ဘာ့အကြီးဆုံး ဖန်လုံအိမ်ဥယျာဉ်ကြီး

ဥယျာဉ်မြို့တော်အဖြစ်အမည်တွင်တဲ့ စင်္ကာပူဟာ ဥယျာဉ်မြို့တော်ကနေ ဥယျာဉ် ထဲကမြို့ဖြစ်လာအောင် Gardens by the Bay (ကမ်းနားဥယျာဉ်ကြီးများ)အမည်ရှိ ရုက္ခဗေဒဥယျာဉ်ကြီးကို ၂၀၁၂ခုနှစ်ဇွန်လက စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဓိကရည်ရွယ် ချက်ကတော့ သစ်ပင်ပန်းမန်တွေစိုက်ပျိုးခြင်းဖြင့် စင်ကာပူနိုင်ငံသားတွေအတွက် ပိုမိုအရည်အသွေးပြည့်မီတဲ့ဘ၀ကို ရစေလိုတဲ့ရည်ရွယ်ချက်ပါ။ ဥယျာဉ်ကြီးကို စင်္ကာပူ မြို့လည် မာရီနာရေကာတာနားက ဖို့မြေ ၂၅၀ဧကပေါ်မှာဆောက်ထားတာဖြစ်ပြီး ရေ ဘက်မျက်နှာမူတဲ့ ဥယျာဉ်သုံးခုနဲ့ ဖွဲ့စည်းထားပါတယ်။ တောင်ဥယျာဉ်၊ အရှေ့ဥယျာဉ်၊ အလယ်ဥယျာဉ်ဆိုပြီး သုံးခုရှိတဲ့အထဲ တောင်ဥယျာဉ်က အကြီးဆုံးဖြစ်ကာ အဓိက စွဲဆောင်မှုတွေ ရှိနေတဲ့ ဥယျာဉ်ကြီးလည်းဖြစ်ပါတယ်။


အာရှတိုက်ရဲ့ ရှေ့ပြေးဥယျာဉ်ကြီးတွေထဲက တစ်ခုဖြစ်ပြီး ဆန်းသစ်တဲ့ဒီဇိုင်း ကြောင့် ၂၀၁၂ခုနှစ်မှာ ကမ္ဘာ့တစ်နှစ်တာလုံးအဆောက်အအုံဆု၊ ၂၀၁၆ခုနှစ်မှာ Lonely Planet ကနေပြီး Cerificate of Excellence ဆုအပါအဝင် ဆုပေါင်းများ စွာရရှိခဲ့ဖူးပါတယ်။ ၂၀၁၅ခုနှစ်ကစပြီး ကမ္ဘာ့အကြီးဆုံးမှန်ဖြင့်ပြုလုပ်ထားတဲ့ ဖန်လုံ အိမ်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်စာရင်းမှာ သတ်မှတ်ခံခဲ့ရပါတယ်။ ဥယျာဉ်ကြီးထဲမှာ ပန်းဖန်လုံအိမ် (Flower Dome) နဲ့ မိုးတိမ်တောဖန်လုံအိမ် (Cloud Forest)ဆိုပြီး ဧရာမဖန်လုံအိမ်ကြီး၂ခုရှိပါတယ်။ ဒီဖန်လုံအိမ်ကြီးတွေက ကြက်ဥခွံကြီးနဲ့တူပြီး စတီးကွန်ရက်တွေနဲ့ တည်ဆောက်ထားလို့ ကမ္ဘာ့အကြီးဆုံး တိုင်မပါတဲ့ ဖန်လုံအိမ်တွေလည်းဖြစ်ပါတယ်။ ဖန်လုံအိမ်တွေထဲက အပူချိန်တွေကို ၂၃မှ ၂၅ဒီဂရီ စင်တီဂရိတ်ကြားအမြဲဖြစ်နေအောင် ညှိပေးထားပါတယ်။ 

Flower Dome ဘက်မှာ ပန်းတွေနဲ့ အပင်မျိုးစုံကို ဒေသအလိုက် စိုက်ပျိုးပြသ ထားပြီး ပန်းတွေကို ရာသီချိန်ပေါ်မူတည်ပြီး အမျိုးမျိုးပြောင်း စိုက်ပျိုးတယ်လို့လည်း သိရပါတယ်။ ၂၀၁၄ခုနှစ်က ကျွန်မရောက်ရှိခဲ့တုန်းက နှင်းဆီပန်းမျိုးစုံကို စိုက်ပျိုး ပြသထားတာတွေ့ခဲ့ရပြီး အရင်တစ်ပတ်က ထပ်ရောက်ရှိသွားတဲ့အခါမှာတော့ သစ်ခွ ပန်းတွေကို ဝေဝေဆာဆာစိုက်ပျိုးပြသထားတဲ့ အချိန်နဲ့ကြုံကြိုက်ခဲ့ပါတယ်။ လိပ်ပြာရဲ့ တဖြည်းဖြည်းလှပလာတဲ့ ဖြစ်စဉ်ကို စင်္ကာပူနဲ့နှိုင်းယှဉ်တဲ့အနေနဲ့ သစ်ခွနဲ့လိပ်ပြာကို အဓိကပြသထားတာလို့သိရပါတယ်။ ၅၂နှစ်မြောက် စင်္ကာပူအမျိုးသားနေ့ကို ဂုဏ်ပြု တဲ့အနေနဲ့ လိပ်ပြာရုပ်တုပေါင်း ၅၂ခုထွင်းထုထားတာကိုလည်း တွေ့ခဲ့ရပါတယ်။


ဘေးကပ်ရပ်ရှိ Cloud Forest ဖန်လုံအိမ်ဘက်မှာတော့ ဝင်ဝင်ချင်း မြူတွေ ဆိုင်းနေတဲ့ အံ့ဖွယ်ကမ္ဘာထဲရောက်သွားသလို အံ့ဩမှင်သက်သွားစေခဲ့ပါတယ်။ ဖန်လုံ အိမ်ထဲရှိ ရေတံခွန်အမြင့်ကြီးကနေ ရေတွေ အရှိန်ပြင်းပြင်းနဲ့ စီးကျနေတာကြောင့် ရေစက်လေးတွေလာစင်ပြီး ဝင်လာသူတိုင်းကို အေးမြသွားစေပါတယ်။ ဒီဘက်မှာတော့ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၆၅၀၀ကျော်ရှိတဲ့ တောင်ပေါ် ရာသီဥတုဖြစ်အောင် ထိန်းညှိပေးထားကာ တောင်ပေါ်မှာတွေ့ရတတ်တဲ့ အပင်မျိုးစိတ်တွေကို စိုက်ပျိုးပြသ ထားပါတယ်။ ခလယ်မှာရှိတဲ့ ကျောက်တောင်အတုကြီးက ၁၁၄ ပေ အမြင့်ရှိတာကြောင့် တောင်ပေါ်ကနေစီးကျနေတဲ့ ရေတံခွန်ကြီးက ကမ္ဘာ့အမြင့်ဆုံး မိုးလုံလေလုံ ရေတံခွန် ဖြစ်တယ်လို့သိရပါတယ်။ ပိုပြီးထူးခြားစေတာကတော့ တောင်ကြီးကိုပတ်ပြီး လမ်း လျှောက်လို့ရအောင် ဖောက်ပေးထားတဲ့ မိုးပျံလမ်းတွေပဲဖြစ်ပါတယ်။


Gardens by the Bay ကို ပိုပြီး အသက်ဝင်စေနိုင်တဲ့အရာတွေကတော့ အပြင်ဘက်ဥယျာဉ်ထဲမှာရှိတဲ့ Super Tree အမည်ရှိ သစ်ပင်တုကြီးတွေပဲဖြစ်ပါတယ်။ ဒီစူပါသစ်ပင်ကြီးတွေဟာ နေ့ဘက်မှာ အရိပ်ရစေပြီး ညဘက်မှာတော့ မီးရောင်စုံထွန်း လင်းလာကာ သံစဉ်မျိုးစုံနဲ့ အသက်ဝင်လာလေ့ရှိပါတယ်။ အမြင့်ပေပေါင်း ၈၂ပေ ကနေ ၁၆၄ပေအထိရှိတဲ့ အပင်တုကြီး ၁၈ပင်ရှိပြီး အမြင့်ဆုံးအပင်က ၁၆ထပ်တိုက် တစ်တိုက်စာအမြင့်ရှိပါတယ်တဲ့။ အဲဒီထဲက အပင်တချို့ဟာ နေ့ဘက်မှာနေရောင် ခြည်စွမ်းအင်တွေ သိမ်းဆည်းပြီး ညဘက်မှာ လျှပ်စစ်မီးအဖြစ်ပြန်အလှဆင်အသုံးချ ပေးတယ်လို့သိရပါတယ်။ စူပါသစ်ပင်တွေကြားဆက်သွယ်ထားတဲ့ အမြင့် ၇၂ပေ အရှည် ၄၂၀ပေရှိတဲ့ မိုးပေါ်လမ်းကနေလည်း လျှောက်လှမ်းပြီး ဥယျာဉ်ကြီးရဲ့ အလှကို မတူညီတဲ့ရှုထောင့်ကနေ ကြည့်ရှုခံစားနိုင်ပါတယ်။
Gardens by the Bay မှာ ဒီလို စွဲဆောင်မှုရှိတဲ့နေရာတွေ အပြင်အခြားဥယျာဉ် တွေ၊ ရေကန်တွေများစွာနဲ့ သာယာလှပနေပါတယ်။ ပန်းချစ်သူ ပန်းဝါသနာရှင်တွေ သာမက ကမ္ဘာလှည့်ခရီးသည်တွေကိုပါ စွဲဆောင်ထားနိုင်တာကြောင့် လက်ရှိအ ချိန်အထိ ကမ္ဘာအနှံ့က ဧည့်သည်ပေါင်း ၃သန်းနီးပါးလာရောက်လည်ပတ်ပြီးဖြစ် တယ်လို့ သိရပါတယ်။