ကယ်လီဖိုးနီးယားတောမီးကြောင့် သေဆုံးသူ ၂၃ဦးထိ တိုးမြင့်လာ

International

အမေရိကန်နိုင်ငံရဲ့ အဆိုးရွားဆုံးတောမီးလောင်မှုဖြစ်ရပ်တွေအနက် တစ်ခုအပါအဝင်ဖြစ်လာခဲ့တဲ့ ကယ်လီဖိုးနီးယားတောမီးကြောင့် သေဆုံးသူ ၂၃ထက်မနည်းရှိလာခဲ့ပြီး အိုးအိမ်ပေါင်း ၃၅၀ဝခန့်လောင်ကျွမ်းပျက်စီးခဲ့ကာ ရာနှင့်ချီပျောက်ဆုံးနေကြောင်းသိရသည်။ စီရင်စုရှစ်ခုတွင် မီးညွန့်ကြီး နှစ်ဒါဇင်ခန့်ဖြစ်ပေါ်ခဲ့ပြီး မီးလောင်ပြာကျမှုအကျယ်အဝန်း ဧက ၁၇၀၀၀ဝခန့်ရှိခဲ့ရသည်။ အောက်တိုဘာလ ၈ရက်ညက လေပြင်းတိုက်ခတ်မှုများကြောင့် ကယ်လီဖိုးနီးယားပြည်နယ်တွင်း ဓာတ်အားလိုင်းပြတ်ကျပြိုလဲမှုများဖြစ်ပေါ် ခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ကယ်လစ်စတိုဂါမြို့မှာမီးလောင်မှုနှင့်ထိပ်တိုက်ရင်ဆိုင်ရသည့် ပထမဆုံးမြို့ဖြစ်ပြီး အောက်တိုဘာလ၁၁ရက်တွင် ဒေသခံ ၅၀၀ဝခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းကြရန် စီရင်စုရဲတပ်ဖွဲ့က ညွှန်ကြားခဲ့ကြောင်းသိရသည်။ တက်ဘ်ဖိုင်းယားဟုအမည်ပေးထားသည့် အဆိုပါတောမီးလောင်ကူးမှုအရှိန်လျော့ကျသွားခဲ့ပြီ  ဖြစ်သော်လည်း တိုက်ခတ်နေသည့်လေကြောင့် ဆက်လက်လောင်ကျွမ်းနေဦးမည်ဖြစ်ကြောင်း အွန်လိုင်းအရေးပေါ်သတိပေးကြေညာချက်တွင်ရေးသားဖော်ပြထားခဲ့သည်။ မီးစတင်လောင်ကျွမ်းရခြင်းအကြောင်းရင်းကို တရားဝင်ထုတ်ပြန်မှုမရှိသေးသော်လည်း လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဝါယာကြိုးများ ပြိုလဲရမှ မီးပွားပွင့်ထွက်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်သည်ဟု ကယ်လီဖိုးနီးယားသစ်တောနှင့်မီးကာကွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဘာလန့်ကပြောကြားခဲ့သည်။ သေဆုံးခဲ့ရသူအများစုမှာ အိပ်ပျော်နေခဲ့ကြပြီး အလျင်အမြန်ကူးစက်လာသည့်မီးကြောင့် အချိန်မီထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိဘဲ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဘာလန့်က ပြောကြားခဲ့သည်။ မီးလောင်မှု သုံးရက်တိုင်တိုင်ရှိခဲ့ပြီး လူ ၂၀၀၀ဝထက်မနည်း ဘေးလွတ်ရာရှောင်ပြေးနေထိုင်နေရကြောင်းသိရသည်။ ဆိုနိုမာစီရင်စုတွင် လူ ၅၅၀ကျော်ခန့် ပျောက်နေဆဲဖြစ်ပြီး မီးလောင်မှုကြောင့် ထွက်ပြေးကြရသည့် ဖရိုဖရဲကာလအတွင်း သတင်းပေးပို့စစ်ဆေးရန် အခက်အခဲဖြစ်နေခြင်းကြောင့်လည်းဖြစ်နိုင်ကြောင်း စီရင်စု၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ အဆိုပါပျောက်ဆုံးစာရင်းများအနက် မီးအတွင်းသေဆုံးသွားသူများလည်းရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် ခက်ခဲနေဆဲကာလဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသည့်မိသားစုဝင်များအနေဖြင့် သက်ဆိုင်ရာဌာနများထံ အသက်ရှင်လျက်ကျန်ရစ်ကြောင်း အသိပေးအကြောင်းကြားကြရန် ကယ်လီဖိုးနီးယားအာဏာပိုင်များက တိုက်တွန်းပြောကြားထားခဲ့သည်။
(Fortune, 12.10.17)