လတ်စ်ဗီးဂတ်စ်သေနတ်သမားမှာ လူချမ်းသာလောင်းကစားသမားဖြစ်ပြီး ပြည်နယ်လေးခုတွင် အိမ်များပိုင်ဆိုင်ထားသူဖြစ်ဟု သိရ

International

မျက်မှောက်ခေတ်၏ အမေရိကန်နိုင်ငံတွင်း သေဆုံးမှုအများဆုံးဖြစ်ရပ်တစ်ခုဖြစ်လာခဲ့သည့် နီဗားဒါးပြည်နယ်၊ လတ်စ်ဗီးဂတ်စ်မြို့ကမ်းထရီးတေးဂီတပွဲတော်တွင်းသို့ ၇၂မိနစ်ကြာမျှ ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၅၉ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၂၇ဦးရှိခဲ့ပြီး ပစ်ခတ်ခဲ့သူ လတ်စ်ဗီးဂတ်စ်သေနတ်သမား စတီဖင်ပက်ဒေါ့ ၆၄နှစ်မှာ ယခင်က ပစ်မှုမှတ်တမ်းမျိုးရှိထားခဲ့သူ မဟုတ်ဘဲ ပြည်နယ်လေးခုတွင် အိမ်များပိုင်ဆိုင်ထားသည့် လူချမ်းသာ အငြိမ်းစားစာရင်းကိုင်တစ်ဦးဖြစ်ပြီး အိမ်မှာထက် ဟိုတယ်တွင်လနှင့်ချီတည်းခိုနေထိုင်ကာ လောင်းကစားများ ဆော့ကစားနေတတ်သူဖြစ်ကြောင်းသိရသည်။ အနေအေးသူဖြစ်ပြီး အတူနေထိုင်နေသည့်ချစ်သူအမျိုးသမီး မာရူလီဒန်လီ ၆၂နှစ်မှာ အခင်းဖြစ်သည့်အချိန်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ရောက်ရှိနေကြောင်းသိရသည်။ Madalay Bayဟိုတယ် ၃၂ထပ်အခန်းတွင် လေးလကြာမျှတည်းခိုနေထိုင်နေခဲ့ပြီး ချစ်သူအမျိုးသမီးမာရူလီဒန်လီ၏မှတ်ပုံတင်ဖြင့်ငှားရမ်းနေထိုင်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေရေးကွင်းထဲသို့ အဆိုပါဟိုတယ် ၃၂ထပ်မှ ငါးမိနစ်ကြာမျှ ဆက်တိုက်ပစ်ခတ်နေခဲ့ပြီး သေကြေပျက်စီးမှုများစေခဲ့သည့် အဆိုပါသေနတ်သမားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖမ်းဆီးချိန်တွင် ပက်ဒေါ့က ကိုယ့်ကိုယ်ကိုအဆုံးစီရင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပက်ဒေါ့သေဆုံးခဲ့ပြီးနောက် ၎င်းတွင် သေနတ် ၂၃လက်ပိုင်ဆိုင်ထားကြောင်း၊ ကမ်းထရီး ဂီတပွဲခင်းထဲသို့ ပစ်ခတ်နိုင်ရန် ဟိုတယ်ခန်းမှန်ကို ဖောက်ထားခဲ့ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိထားခဲ့သည်။ ၎င်း၏အိမ်ကိုစစ်ဆေးရှာဖွေရာတွင် နောက်ထပ်သေနတ် ၁၉ လက်နှင့် ဖောက်ခွဲရေးပစ္စည်းများကိုလည်း တွေ့ရှိထားခဲ့ကြောင်းသိရသည်။ အိမ်ရာအရောင်းအဝယ်လုပ်ငန်းဖြင့်ဝင်ငွေအမြတ်များစွာရရှိခဲ့ပြီး သားသမီးမရှိသဖြင့် ပိုင်ဆိုင်သမျှငွေများအနက် အတော်များများကို လောင်းကစားလုပ်ခြင်းဖြင့်သာဖြုန်းတီးနေလေ့ရှိကြောင်း၊ ကိုယ့်ကိုယ်ကိုကာကွယ်ရန်ဟုဆိုကာ သေနတ်ငါးလက်ခန့်ဝယ်ယူစုဆောင်းထားသော်လည်း သေနတ်ပစ်အမဲလိုက်ခြင်းမျိုးပင်မလုပ်ခဲ့ဟုသာ သိရှိထားခဲ့ကြောင်း စတီဖင်ပက်ဒေါ့၏ညီ ဖြစ်သူ အဲရစ်ပက်ဒေါ့က ပြောကြားခဲ့သည်။ ချစ်သူမာရူလီဒန်လီနှင့်အတူနေထိုင်လျက်ရှိသည့် လက်ရှိနေအိမ်မှာလည်း ဒေါ်လာ၄၀၀၀၀ဝတန်သည့်အိမ်ကြီးဖြစ်ပြီး  အိမ်နီးနားချင်းများကလည်း စတီဖင်ပက်ဒေါ့မှာ အနေအထိုင်အေးဆေးသူဖြစ်ခဲ့ပြီး ယခုကဲ့သို့လုပ်ရပ်မျိုးလုပ်လိမ့်မည်ဟုပင် သံသယဖြစ်ဖွယ်မရှိခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ စတီဖင်မှာ ရာဇဝတ်မှုမှတ်တမ်း၊ လေ့ကျင့်ရေးမှတ်တမ်း၊ ဘာသာရေးနှင့်နိုင်ငံရေးတို့နှင့်ပတ်သက်လှုပ်ရှားနေခဲ့သူမဟုတ်ခဲ့ကြောင်း ညီဖြစ်သူ အဲရစ်က ပြောကြားခဲ့သည်။ လောင်းကစားလုပ်သည်မှလွဲ၍ ဘဝတလျှောက်မထင်မပေါ်နေထိုင်လာခဲ့သူဖြစ်ပြီးစတီဖင်အနေဖြင့် မည်သည့်အကြောင်းရင်းကြောင့် လူအများအပြားသေဆုံးစေသည့် ပစ်ခတ်မှုမျိုးလုပ်ဆောင်ခဲ့သည်ကိုမူ သိရှိပေါ်ပေါက်လာစေရန် ဆက်လက်စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စတီဖင်၏ဖခင် ဘင်ဂျမင်ဟော့စကင်ပက်ဒေါ့မှာလည်း ၁၉၆၉ခုနှစ်က ဘဏ်ဓားပြတိုက်မှုဖြင့် FBI၏ အလိုရှိဆုံးသူစာရင်းဝင်ဖြစ်ခဲ့ပြီး ထောင်ဒဏ်နှစ်၂ဝချမှတ်ခံခဲ့ရချိန်တွင် တက္ကဆက်အကျဉ်းထောင်မှထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး FBI၏အလိုရှိဆုံးစာရင်းတွင် ရှစ်နှစ်ကြာထိ ရှိနေခဲ့သော်လည်း စာရင်းမှဖယ်ရှားခံရပြီး နောက်တစ်နှစ် ၁၉၇၈ခုနှစ်တွင်မှ ပြန်လည်ထွက်ပေါ်လာခဲ့ကာ စိတ်ရောဂါကုသမှုခံယူလျက်ရှိကာ မိမိကိုယ်ကိုအဆုံးစီရင်ရန်ကြိုးစားနေခဲ့သူအဖြစ် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
(DM, 3.10.17) 

3-10-17lasvegas