လန်ဒန်မြေအောက်ဘူတာရုံပေါက်ကွဲမှုမှာ အကြမ်းဖက်ဖောက်ခွဲမှုဖြစ်နိုင်ဟု လန်ဒန်ရဲတပ်ဖွဲ့ဆို

International

လန်ဒန်မြို့၊ ပါဆင်ဂရင်းမြေအောက်ဘူတာရုံတွင် ပေါက်ကွဲလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၈ဦးခန့်ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ပေါက်ကွဲမှုမှာ အကြမ်းဖက်ဖောက်ခွဲမှုဟုယူဆရ ဖွယ်ရှိကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ရရှိထားသောသတင်းအရ နောက်ထပ်ပေါက်ကွဲနိုင်ခြေရှိ နေသေးသည့် ဖောက်ခွဲပစ္စည်းကိုပါ ရှာဖွေနေကြကြောင်း သိရသည်။ နံနက် ၈နာရီ မိနစ် ၂ဝအချိန်တွင် ပါဆင်ဂရင်းမြေအောက်ဘူတာ၌ ဒစ်စထရီလိုင်းမီးရထားထဲတွင် ရေပုံးအဖြူတွင်း ဈေးဝယ်အိတ်အတွင်း ဆင်ထားသည့် လက်လုပ်ဖောက်ခွဲရေး ပစ္စည်းမှလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းမှမီးခိုးများနှင့် လောင်ကျွမ်းနေသည့်ဝါယာကြိုးများကို တွေ့ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ မီးရထားတွင်းလိုက်ပါလာသူများအနက် ၁၈ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး အများစုမှာ မျက်နှာနှင့် ကိုယ်ခန္ဓာတွင် လောင်ကျွမ်းဒဏ်ရာများဖြစ်ကာ တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ကယ်ဆယ်ရေး အဖွဲ့က ဆိုသည်။ လန်ဒန်မြို့သူမြို့သားများအား အန္တရာယ်ပေး အကြမ်းဖက်သူများကို အပြင်းအထန် ပြစ်တင် ရှုတ်ချပြီး ကျွန်တော်တို့အားလုံး အကြမ်းဖက်မှုကို လုံးဝအရှုံးပေးသွားမည်မဟုတ်ကြောင်း လန်ဒန်မြို့တော်ဝန် ဆာဒစ်ခမ်က ပြောကြားခဲ့သည်။ ပါဆင်ဂရင်းမြေအောက်ဘူတာရုံတွင် ထိခိုက်ဒဏ်ရာရသူများအားလုံးနှင့် အကြမ်းဖက်ဖြစ်ရပ်တွင်း ရဲရင့်စွာကယ်ဆယ်ပေးနေကြသည့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အားလုံးကို အလေးထားလျက်ရှိပါကြောင်း ဗြိတိန်ဝန်ကြီးချုပ်ထရေဆာမေက တွစ်တာတွင်ရေးသားဖော်ပြသွားခဲ့သည်။ အဆိုပါမီးလောင်ပေါက်ကွဲမှုကို ပြုလုပ်ခဲ့သူများမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ရှာဖွေဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြပြီဖြစ်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

(Fox, 15.9.17)