ဆန္ဒမဲပေးမှုမပါဘဲ စင်ကာပူနိုင်ငံ၏ပထမဦးဆုံးအမျိုးသမီးသမ္မတအဖြစ် ဟာလီမာယာကော့ဘ် ရွေးချယ်ခံရ

International

စင်ကာပူနိုင်ငံ၏သမ္မတသစ်အဖြစ် ဆန္ဒမဲပေးမှုမပါဘဲ မဒမ်ဟာလီမာယာကော့ဘ်ကို ရွေးချယ်ခဲ့ပြီး စင်ကာပူနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာခဲ့ကြောင်းသိရသည်။ အသက် ၆၃နှစ်ရှိပြီဖြစ်သည့် မဒမ်ဟာလီမာယာကော့ဘ်မှာ စင်ကာပူန်ိုင်ငံ၏ ရှစ်ဦးမြောက် သမ္မတဖြစ်လာမည်ဖြစ်ပြီး စင်ကာပူနိုင်ငံ၏ ပထမဦးဆုံးသမ္မတယူဆော့ဖ်အိုင်ရှက်ပြီးလျှင် စင်ကာပူနိုင်ငံ၏ အမြင့်ဆုံးရာထူးနေရာအတွက် ထပ်မံရွေးချယ်ခံ ရသည့် မလေးမျိုးနွယ်ဖြစ်ကြောင်းသိရသည်။ လွှတ်တော်ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပြီး ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွင် နှစ်၄ဝအတွေ့အကြုံရှိခဲ့သူလည်း ဖြစ်ကြောင်းသိရသည်။ ရွေးကောက်ပွဲမပါဘဲ အစိုးရမှ တိုက်ရိုက်ရွေးချယ်ခန့်အပ်သည့် သမ္မတဖြစ်သည့်အားလျော်စွာ စင်ကာပူပြည်သူများအကြား မဒမ်ဟာလီမာ သမ္မတဖြစ်လာသည့်အရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများလည်း ရှိနေခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း သမ္မတရွေးကောက်မှုစနစ် ဥပဒေပြောင်းလဲမှုများကို ပါလီမန်မှ ခွင့်ပြုခဲ့ပြီးနောက် တရုတ်၊ အိန္ဒိယ၊ မလေး စသည့် စင်ကာပူနိုင်ငံတွင်းပင်မလူမျိုးစုများကို ကိုယ်စားပြုနိုင်ရန် စင်ကာပူနိုင်ငံ၏ ရှစ်ဦးမြောက်သမ္မတကို မလေးမျိုးနွယ်ထဲမှ ရွေးချယ်ရန် သမ္မတရွေးကောက်ပွဲကော်မတီက ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။ မဒမ်ဟာလီမာအပြင် Second Chance Properties၏ အမှုဆောင်အရာရှိချုပ် မစ္စတာမိုဟာမက်ဆာလာမာ ရီကန် ၆၇နှစ်နှင့် Bourbon Offshore Asia Pacific၏ ဥက္ကဋ္ဌ မစ္စတာဖာရစ်ခမ် ၆၂နှစ်တို့လည်း သမ္မတနေရာအတွက် လျှောက်ထားခဲ့ကြသော်လည်း ၎င်းတို့နှစ်ဦးမှာ သတ်မှတ်ချက်စံနှုန်းနှင့်ကိုက်ညီမှုမရှိဟု သမ္မတရွေးကောက်ပွဲ ကော်မတီက မှတ်ချက်ပြုခဲ့ပြီး မဒမ်ဟာလီမာတစ်ဦးတည်း ပြိုင်ဘက်ကင်းအနေဖြင့် စင်ကာပူနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးချယ်ခံလိုက်ရခြင်းဖြစ်သည်။ မဒမ်ဟာလီမာမှာ မွေးချင်းငါးဦးအနက် အထွေးဆုံးသမီး ဖြစ်ပြီး ဖခင်ဖြစ်သူကွယ်လွန်ခဲ့ပြီးနောက် မိခင်ဖြစ်သူက လက်တွန်းလှည်းအစားအသောက်ရောင်းချကာ မဒမ်ဟာလီ မာတို့ မောင်နှမများကို ကျွေးမွေးစောင့်ရှောက်ခဲ့ရသဖြင့် မဒမ်ဟာလီမာ၏ ငယ်ဘဝမှာ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသူ ဖြစ်ကြောင်းသိရသည်။ စင်ကာပူတရုတ်မိန်းကလေးကျောင်းနှင့် တန်ဂျုံကာတုံမိန်းကလေးကျောင်းတို့တွင် ပညာသင် ကြားခဲ့ပြီး စင်ကာပူတက္ကသိုလ်တွင် ဥပဒေပညာကို လေ့လာဆည်းပူးအောင်မြင်ခဲ့သူဖြစ်ကြောင်းသိရသည်။ ရွေးကောက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စင်ကာပူနိုင်ငံသားများအတွက် အကောင်းဆုံးကြိုးစားသွားမည့် မိမိ၏ ကတိကဝတ်နှင့် လုပ်ဆောင်ချက်များမှာ ပြောင်းလဲသွားမည်မဟုတ်ကြောင်း၊ လူမျိုး၊ ဘာသာစကား၊ ဘာသာအယူဝါဒများကိုပဓာနမထားဘဲ မိမိမှာ ပြည်သူပြည်သားတိုင်းအတွက်သမ္မတဖြစ်ကြောင်း သမ္မတသစ် မဒမ်ဟာလီမာယာကော့ဘ်က ပြောကြားခဲ့ သည်။
(Today Online, 14.9.17)