နျူကလီးယားစမ်းသပ်ရာဌာနအထက်နားရှိ မြောက်ကိုရီးယားတောင် ပြိုကျမည့်အန္တရာယ်ရှိနေပြီး အဆိုပါဒေသတွင် ရေဒီယိုသတ္တိကြွမှုအန္တရာယ်ရှိနိုင်ဟု တရုတ်ဆို

International

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်စမ်းသပ်ထုတ်လုပ်ရာဌာနဖြစ်သည့် ပန်ဂျီရီစခန်း၏ အထက်နားတွင်တည်ရှိနေသော တောင်မှာ ပြိုကျမည့်အန္တရာယ်ရှိနေပြီး ယင်းဒေသတဝိုက်တွင် ရေဒီယိုသတ္တိကြွမှုအန္တရာယ်ရှိနေကြောင်း တရုတ်နိုင်ငံက သတိပေးပြောကြားခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၃ရက်တွင် မြောက်ကိုရီးယား၏ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို အဆိုပါ ပန်ဂျီရီစခန်းမှပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြေပြင်အောင်ပေါက်ကွဲမှုမှာ ဟီရိုရှီးမားမြို့တွင်ကြဲချခဲ့သည့်ဗုံးလက်နက် ထက်အဆများစွာ ပိုမိုပြင်းထန်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယား၏ပင်မနျူကလီးယားလက်နက်စမ်းသပ် ရာဌာန ပန်ဂျီရီစခန်းအနီးတဝိုက်တွင် ပြင်းအား ၆ဒသမ၃ မဂ္ဂနီကျုရှိ မြေငလျင်တုန်ခါမှုကြီးဖြစ်ခဲ့ရပြီး တရုတ် န်ိုင်ငံ၏နေရာအချို့နှင့် ရုရှားနိုင်ငံ၏နေရာအချို့တို့တွင် တုန်ခါမှုကို သိရှိခံစားခဲ့ရကြောင်း၊ ယင်းတုန်ခါမှုမှာ လက်နက်စမ်းသပ်မှုပြုလုပ်ခဲ့သည့် ကျောက်တောင်ခြေရင်း လှိုဏ်ဂူတွင်းမှ ထပ်ဆင့်ကဲထွက်လာခဲ့သည့် နောက်ဆက်တွဲတုန်ခါမှုများဖြစ်နိုင်ကြောင်း၊ ပြင်းထန်သည့်အဆိုပါတုန်ခါမှုများကြောင့် တောင်ပြိုကျလာနိုင် သည့်အန္တရာယ်ရှိနေပြီး ယင်းဒေသတွင် အဆိပ်အတောက်ဖြစ်စေသည့် ရေဒီယိုသတ္တိကြွယိုစိမ့်မှုအန္တရာယ်များ လည်း ရင်ဆိုင်ကြုံတွေ့လာနိုင်ကြောင်း တရုတ်နိုင်ငံပိုင်နျူကလီးယားလက်နက်အစီအစဉ်၏သုတေသီ၊ တရုတ် နျူကလီးယားအဖွဲ့အစည်း၏ ဥက္ကဋ္ဌဟောင်း ဝမ်နိုင်ရန်က သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါတောင်၏ ခြေရင်းတွင် မြေအောက်ခန်းများထွင်းထားကာ မြောက်ကိုရီးယား၏နျူကလီးယားလက်နက်စမ်းသပ်မှုအဆင့် တိုင်းကို ယင်းမြေအောက်ခန်းများတွင်ပြုလုပ်ထားခဲ့သဖြင့် ကျောက်တောင်ကြီးမှာပြိုကျသွားတော့မည့်အန္တ ရာယ်ဖြစ်နေကြောင်း တရုတ်ပညာရှင်များက သတိပေးခဲ့ခြင်းဖြစ်သည်။ လှိုဏ်ခေါင်းများကို ခက်ခဲသည့်ဒေါင်လိုက်လှိုဏ်ခေါင်းများအဖြစ်ထွင်းထားခဲ့ပါက ပျက်စီးထိခိုက်မှုနည်းပါးမည်ဖြစ်သော်လည်း ရေပြင်ညီလိုက် လှိုဏ်ခေါင်းများအဖြစ်ထွင်းခဲ့ပါက တောင်ပြိုကျသွားနိုင်ကြောင်း ဝမ်နိုင်ရန်က ဆိုသည်။ တောင်ကိုရီးယားနိုင်ငံ၊ ယွန်ဟတ်သတင်းအရ ယခင်ငါးကြိမ်မြောက်စမ်းသပ်မှုတွင် အသုံးပြုခဲ့သည့် ပန်ဂျီရီစခန်း၏ လှိုဏ်ခေါင်း အမှတ်စဉ် ၂တွင်သာ ယခုထပ်မံစမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့က ပြောကြားခဲ့ကြောင်းသိရသည်။ လှိုဏ်ခေါင်းအမှတ်စဉ် ၃ကိုလည်း ထပ်မံတူးထားခဲ့ပြီး အမှတ်စဉ် ၄ကိုလည်း ဆက်လက်တူးဖော်သွားရန်စီစဉ်ထားရာ မြောက်ကိုရီးယားအနေဖြင့် နောက်ထပ်စမ်းသပ်မှုများကို ၎င်းတို့စိတ်ကြိုက်အချိန်ရွေးချယ်ကာ ထပ်မံစမ်းသပ်သွားနိုင်ဖွယ်ရှိနေကြောင်း ယွန်ဟတ်သတင်းတွင်ဖော်ပြခဲ့သည်။
(DM, 6.9.17)