သင့်ဒူးခေါင်းသန်စွမ်းပါမှ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ကို ထိန်းနိုင်ပြီး ကိုယ်နေဟန်ထားမှန်ကန်နိုင်ပါလိမ့်မယ်။ သင့်ဒူးခေါင်းနာကျင်တဲ့ဝေဒနာခံစားရမှသာ ဒူးခေါင်းကျန်းမာဖို့ ဘယ်လောက် အရေးကြီးသလဲဆိုတာကို သတိပြုမိတတ်ကြပါတယ်။ ဒူးခေါင်းဟာ ခန္ဓာကိုယ်အတွင်း ထိခိုက်ဒဏ်ရာရမှုအဖြစ်နိုင်ဆုံး အဆစ် ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း အသက်အရွယ်မရွေး၊ ကျား မ မရွေး တစ်ချိန်ချိန်မှာ ဒူးခေါင်းနဲ့ပတ်သက်ပြီး ပြဿနာ ဖြစ်နိုင်ပါတယ်။ အားကစားပြုလုပ်တာ ဒါမှမဟုတ် ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်အပြီး ဒူးခေါင်းပတ်ဝန်းကျင်မှာရှိတဲ့ ကြွက်သားဒဏ်ပိတာ ဒါမှမဟုတ် အရွတ်စုတ်ပြဲတာတွေ ဖြစ်တတ်ကာ ဒူးခေါင်းပြဿနာဖြစ်ပေါ်လာနိုင်ပါတယ်။

ဒူးခေါင်းနာကျင်တဲ့ဝေဒနာက တချို့တလေအတွက် အပယိကဝေဒနာလောက်သာ ဖြစ်ပေမယ့် တချို့တလေမှာတော့ နေ့စဉ်လှုပ်ရှားမှုတွေ မပြုလုပ်နိုင်လောက်အောင်ကို ဆိုးရွားနိုင်ပါတယ်။ ဒီလိုဝေဒနာတွေ ခံစားရနေပေမယ့် လျစ်လျူရှု ထားခဲ့ရင် အခြေအနေဆိုးသွားနိုင်ပါတယ်။

ဒူးခေါင်းပြဿနာအားလုံးဟာ ဒူးဆစ်အတွင်းကပဲ ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ ပေါင်တစ်ဝိုက်မှာရှိတဲ့ ကြွက်သား ဒါမှမဟုတ် အရွတ်တွေ ဒဏ်ပိတာ၊ စုတ်ပြဲတာတွေကြောင့်လည်း ဒူးခေါင်းမှာ နာကျင်မှုဝေဒနာ ရရှိနိုင်ပါတယ်။ ဒူးခေါင်း ပတ်ဝန်းကျင်မှာ ရှိတဲ့ ကြွက်သားအားလုံးနဲ့ အဆစ်အားလုံးဟာ ဒူးခေါင်းကျန်းမာဖို့အတွက် ဆက်စပ်မှုရှိနေပါတယ်။ ဒါကြောင့် သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ကြွက်သားတွေ သန်မာဖို့အတွက် လေ့ကျင့်ခန်း ပြုလုပ်ဖို့က အလွန်အရေးကြီးပါတယ်။

ပေါင်ရှေ့ပိုင်းကြွက်သား(Quadriceps)၊ ပေါင်နောက် ကြွက်သား (Hams Strings)နဲ့ ပေါင်အပြင်ဘက်နဲ့ ပေါင်အတွင်းဘက် ကြွက်သားတွေ သန်မာဖို့ လေ့ကျင့်ခန်းလုပ်တာက ဒူးခေါင်းကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ ဒီ ကြွက်သားတွေအားလုံး သန်မာနေခဲ့ရင် သင့်ဒူးခေါင်းရဲ့လုပ်ငန်းဆောင်တာတွေ အလိုလို ကောင်းမွန်လာပြီး ထိခိုက်ဒဏ်ရာရရှိနိုင်ခြေ လျော့နည်းသွားနိုင်ပါတယ်။ အောက်ပါတို့ဟာ ဒူးခေါင်းသန်မာစေဖို့အတွက် အိမ်မှာပဲ လွယ်ကူစွာ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်း ၁၀ မျိုးပါ။
-----------------------------------------------
၁။ တစ်စိတ်တစ်ပိုင်း ဆောင့်ကြောင့် ထိုင်လေ့ကျင့်ခန်း

ဒူးခေါင်းပြဿနာဖြစ်တဲ့သူတွေအနေနဲ့ ဆောင့်ကြောင့်ထိုင်နိုင်အောင် လေ့ကျင့်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက ဒူးခေါင်းပြန်လည်သန်စွမ်းဖို့အတွက် အကောင်းဆုံးပါ။ ခြေထောက်ကြွက်သားတွေ သန်မာစေပြီး ခန္ဓာကိုယ်ဟန်ချက် ထိန်းဖို့ကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ ၂၀၁၄ ခုနှစ်က လေ့လာမှုအရ တစ်ဝက်တစ်ပျက် ဆောင့်ကြောင့်ထိုင် လေ့ကျင့်ခန်းက ခွန်အားသုံးပြီး ပြုလုပ်ရတဲ့ အားကစားသမားတွေအတွက် အလွန်အသုံးဝင်တယ်လို့ သိရပါတယ်။
ပြုလုပ်နည်း ►
၁။ ထိုင်ခုံတစ်ခုံရဲ့ ရှေ့မှာ တစ်ပေခွာပြီး မတ်တတ်ရပ်ပါ။
၂။ သင့်ခြေဖဝါးနှစ်ဖက်ကို တင်ပါးအကွာအဝေးလောက် ခွဲထားပါ။
၃။ ထိုင်ခုံမှာ ထိုင်တော့မလို ပုံစံမျိုးနဲ့ ထိုင်ခုံကို ထိဖို့ တစ်ဝက်အကွာအဝေးအလိုလောက် တင်ပါးနေရာကနေ အနည်းငယ် ကွေးပါ။
၄။ ဒီအနေအထားကို ၂-၃ စက္ကန့်ကြာအောင် ထားပါ။
၅။ မတ်မတ်ပြန်ထပြီး ၂-၃ စက္ကန့်လောက် နားပါ။
၆။ နောက်တစ်ကျော့ ၁၀-၁၂ ကြိမ်အထိ ပြုလုပ်ပေးပါ။
---------------------------------------------
၂။ ပေါင်နောက်ကြွက်သား ဆွဲဆန့် လေ့ကျင့်ခန်း
ပေါင်နောက်ကြွက်သားတွေက ပေါင်အနောက်နဲ့ ဒူးခေါင်းကို ဆက်သွယ်ထားပြီး ဒူးခေါင်းတည်ငြိမ်အောင် ထိန်းထားပေးတဲ့ ကြွက်သားအုပ်စုတွေပါ။ ဒီကြွက်သားတွေက ဒူးခေါင်းကွေးဖို့ဆန့်ဖို့နဲ့ တင်ပဆုံဆစ်ဆန့်နိုင်အောင် ပြုလုပ်ပေးပါတယ်။ ပေါင်နောက်ကြွက်သားဆွဲဆန့်လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ဒူးခေါင်းလုပ်ငန်း ချောမွေ့စေနိုင်ပါတယ်။ ဒူးရဲ့ ရွေ့လျားနိုင်အား(ဆန့်နိုင်ကွေးနိုင်အား) ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
ပြုလုပ်နည်း ►
၁။ မတ်မတ်ရပ်ကာ ခြေချောင်းတွေကို အပေါ်ထောင်တဲ့ အနေအထားနဲ့ ခြေထောက်တစ်ဖက်ကို အရှေ့ကို ဆန့် ထုတ်ပါ။
၂။ တခြားခြေတစ်ဖက်ကို ပေါင်နောက် ကြွက်သားတွေ တင်းအားရတဲ့အထိ ဒူးခေါင်းနေရာကနေ ကွေးပါ။ တင်ပဆုံ လုံးဝမရွေ့လျားရပါ။ သင့်ခန္ဓာကိုယ်အပေါ်ပိုင်းက အရှေ့ဘက်ကို ကုန်းလာနိုင်ပါတယ်။
၃။ ဒီအနေအထားအတိုင်း ၁၀ စက္ကန့် နေပါ။ နောက်ခြေထောက်တစ်ဖက်ကို ပြောင်းလုပ်ပါ။
၄။ ခြေထောက်တစ်ဖက်စီကို ၁၀-၁၂ ကြိမ်ပြုလုပ်ပေးပါ။
#Tips
သင့်ခါးလိမ်တာတွေ၊ ဆန့်တာတွေ မပြုလုပ်ရပါ။
----------------------------------------------
၃။ စစ်ချီလေ့ကျင့်ခန်း
အလွန်လွယ်ကူပြီး အသက်အရွယ်မရွေးပြုလုပ်နိုင်တဲ့ ဒီလေ့ကျင့်ခန်းတစ်မျိုးကတော့ တစ်နေရာတည်းကနေပြီး စစ်ချီလေ့ကျင့်ခန်းပြုလုပ်တာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းအကူပစ္စည်းတစ်ခုမှ မလိုအပ်တဲ့အတွက် မိမိနေအိမ်အပြင် ပန်းခြံ ဒါမှမဟုတ် ပင်လယ်ကမ်းစပ်မှာလည်း ပြုလုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက ဒူးခေါင်းနာကျင်တဲ့ဝေဒနာ ခံစား နေရတဲ့သူတွေအတွက် နာကျင်တဲ့ ဝေဒနာသက်သာသွားနိုင်ပါတယ်။ ဒူးခေါင်းပေါ်မှာ သင့်ခန္ဓာကိုယ်ရဲ့ အလေးချိန် သက်ရောက်မှု မရှိဘဲ ပေါင်ရှေ့ကြွက်သားတွေ သန်မာစေနိုင်ပါတယ်။ ကိုယ်ဟန်ချက်ကောင်းမွန်နိုင်စေတဲ့အပြင် နှလုံးကျန်းမာရေးနဲ့ ကိုယ်အလေးချိန် ထိန်းချုပ်ဖို့လည်း ကောင်းမွန်နိုင်ပါတယ်။
ပြုလုပ်နည်း ►
၁။ မတ်မတ်ရပ်ပါ။
၂။ မိမိရပ်နေတဲ့နေရာမှာပဲ ဘယ် ညာ ဘယ် ညာ ပြောင်းကာ သင့်ဒူးခေါင်းကို သင်သက်သောင့်သက်သာရှိတဲ့ အနေအထားမြှောက်ပြီး စစ်ချီတဲ့ပုံစံ ပြုလုပ်ပါ။
၃။ အရှိန်ကို တဖြည်းဖြည်းမြှင့်တင်ပေးပါ။
၄။ စက္ကန့် ၆၀ ကြာအောင် ပြုလုပ်ပါ။
#Tips
လမ်းလျှောက်ဖိနပ်စီးပြီး ဒါမှမဟုတ် ထိုင်ခုံတစ်ခုကို အားပြုပြီး ပြုလုပ်နိုင်ပါတယ်။
---------------------------------------------
၄။ ခြေသလုံးကြွက်သားအတွက် လေ့ကျင့်ခန်း
ဒူးအရွတ်စုတ်ပြဲတာက ဒူးခေါင်း ဒဏ်ရာရတဲ့အဖြစ်များ ဆုံးပြဿနာတစ်ခုပါ။ ဒူးဆစ်ရဲ့ တစ်ဖက်တစ်ချက်မှာ 'C' ပုံ သဏ္ဌာန်အရွတ်တွေက ခြေထောက်အပေါ်ပိုင်းအရိုးနဲ့ အောက်ပိုင်း အရိုးနှစ်ခုကို ဆက်သွယ်ထားပေးပါတယ်။ ဒူးခေါင်းလည်သွားတာ ဒါမှမဟုတ် အသက်အရွယ်ကြီးရင့်ဖြစ်စဉ်တွေကြောင့် ဒီအရွတ်တွေက အလွယ်တကူ ဒဏ်ရာရရှိနိုင်ပါတယ်။ ခြေသလုံးကြွက်သားကို မြှင့်တင်လိုက်တဲ့ လေ့ကျင့်ခန်းဟာ ဒူးခေါင်းကို တည်ငြိမ်အောင် ပြုလုပ်ထားတဲ့ ကြွက်သားတွေ သန်မာစေပြီး အရွတ်ကျန်းမာအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ခြေချင်းဝတ်ကြွက်သားတွေကိုလည်း ကူညီနိုင်တဲ့အတွက် ဟန်ချက် ကောင်းမွန်စေကာ ဒူးခေါင်းအနေအထား မှန်ကန်စေနိုင်ပါတယ်။ ဒူးခေါင်းပေါ်မှာ ဖိအားသက်ရောက်မှုလည်း နည်းတဲ့အတွက် အရွတ်ဒဏ်ရာရသူတွေ အမြန်ပြန်လည်ကောင်းမွန်နိုင်ပါတယ်။
ပြုလုပ်နည်း ►
၁။ ထိုင်ခုံတစ်ခုရဲ့ နောက်မှီကို ကိုင်ပြီး မတ်တတ်ရပ်ပါ။
၂။ ခါးကို မတ်မတ်ထားပြီး ခြေဖျားထောက်ပါ။
၃။ ခြေဖျား ပြန်ချပါ။
၄။ ၁၀-၁၂ ကြိမ် ပြုလုပ်ပေးပါ။
-----------------------------------------------
၅။ ခြေဆန့်လေ့ကျင့်ခန်း
ခြေဆန့်လေ့ကျင့်ခန်းပြုလုပ်တာက ပေါင်ရှေ့ကြွက်သားတွေ သန်မာစေနိုင်ပြီး ဒူးခေါင်းရဲ့ တည်ငြိမ်မှုအား ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ ပေါင်ရှေ့ ကြွက်သားတွေ သန်မာလေလေ၊ ဒူးကို ထိန်းချုပ်နိုင်အား ကောင်းလေလေပါ။ ဒီလေ့ကျင့်ခန်းကို လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် စက်ဘီးစီးတာလိုမျိုးတွေ မပြုလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းအဖြစ် ပြုလုပ်နိုင်ပါတယ်။
ပြုလုပ်နည်း ►
၁။ ပက်လက်အိပ်ပါ။
၂။ ခြေထောက်တစ်ချောင်းကို ၄၅ ဒီဂရီကွေးပြီး ကျန်တစ် ဖက်ကို ဖြောင့်ဖြောင့်ထားပါ။
၃။ ဖြောင့်ဖြောင့်ထားတဲ့ ခြေထောက်ကို ကြမ်းပြင်ကနေ ခြောက်လက်မခန့် မြှင့်တင်ပါ။ အဲဒီခြေထောက်ရဲ့ ပေါင် ကြွက်သားတွေ တင်းမာလာပါလိမ့်မယ်။
၄။ ဒီအနေအထားအတိုင်း ၁၀ စက္ကန့် ထားပါ။ ကြွက်သား သန်မာမှုရလာတဲ့အခါမှာ တစ်မိနစ်အထိ ထားနိုင်ပါတယ်။
၅။ မူလပုံစံအတိုင်း ပြန်ထားပါ။
၆။ ကျန်တစ်ဖက်ကို ပြောင်းလုပ်ပါ။
၇။ ခြေထောက်တစ်ဖက်စီအတွက် ခုနစ်ကြိမ်စီ ပြုလုပ်ပါ။
#Tips
လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း ဝမ်းဗိုက်ကြွက်သား တွေ တင်းနေပြီး ရင်ဘတ်အပေါ်ပိုင်းက Relax ရရှိနေရပါမယ်။ ခါးလုံးဝမကွေးရပါ။ ဒီလေ့ကျင့်ခန်းကို ခါးနောက်ကျောနာကျင်တဲ့ဝေဒနာရှိသူတွေအနေနဲ့ မပြုလုပ်သင့်ပါဘူး။
---------------------------------------------------
၆။ လှေကားတက် လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းက ဒူးခေါင်းသန်မာစေတဲ့ လေ့ကျင့်ခန်း ဖြစ်ပြီး ဒူးခေါင်း ခိုင်ခံ့၊ တည်ငြိမ်ပြီး ပေါင်ရှေ့ကြွက်သား တွေ သန်မာမှုရရှိစေနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကြောင့် ဒူးခေါင်းပေါ်မှာ ဖိအားသက်ရောက်မှုနည်းနိုင်တဲ့အတွက် ဒူးနာဝေဒနာလည်း သက်သာသွားနိုင်ပါတယ်။
ပြုလုပ်နည်း ►
၁။ ခွေးခြေခုံတစ်ခုရှေ့မှာ ခြေနှစ်ဖက်ကို အနည်းငယ်ခွဲပြီး မတ်တတ်ရပ်ပါ။
၂။ ဘယ်ဘက်ခြေထောက်ကစပြီး ခွေးခြေခုံပေါ်ကို တက်ပါ။
၃။ ညာဘက်ခြေထောက်ပါ ခွေးခြေပေါ်ကို တက်လိုက် ဆင်းလိုက် ပုံစံ ပြုလုပ်ပါ။
၄။ နောက်တစ်ဖက်ပြောင်းလုပ်ပါ။
၅။ အကြိမ် ၂၀-၃၀ အထိ ပြုလုပ်ပါ။
-----------------------------------------------------
၇။ ဘေးစောင်းအိပ်အနေအထားဖြင့် ခြေထောက်မ လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းကတော့ ပေါင်အပြင် ကြွက်သားတွေကို အဓိကပစ်မှတ်ထားတာကြောင့် အားကစားသမားတွေနဲ့ နေ့စဉ်သွားလာလှုပ်ရှားမှုတွေအတွက် အသုံးဝင်ပါတယ်။ ပေါင်အပြင်ကြွက်သားတွေ သန်မာပြီး ပိုမိုတည်ငြိမ်မှု ရှိ စေနိုင်တဲ့ လေ့ကျင့်ခန်းပါ။ တင်ပါးကြွက်သားသန်မာဖို့အတွက်လည်း ထိရောက်မှု ရှိပါတယ်။
ပြုလုပ်နည်း ►
၁။ ခြေထောက်ဆန့်ပြီး ဘေးစောင်း အိပ်ပါ။
၂။ ဘယ်ဘက်လက်နဲ့ သင် ခေါင်းအုံး ထားပါ။
၃။ အပေါ်ခြေထောက်ကို ဖြောင့်ဖြောင့် ထားပြီး အထက်ကို ၄၅ ဒီဂရီအထိ ရောက်အောင် ဖြည်းဖြည်းချင်း မြှင့်တင်ပါ။
၄။ ဒီအနေအထားအတိုင်း စက္ကန့် ၂၀ ထားပါ။
၅။ ခြေထောက်ပြန်ချပြီး ခဏ အနား ယူပါ။
၆။ ၁၀-၁၅ ကြိမ်ပြုလုပ်ပါ။
၇။ နောက်တစ်ဖက်ကို ပြောင်းလုပ်ပါ။
၈။ တစ်ဖက်စီကို ၁၅-၂၀ ကြိမ် နေ့စဉ် ပြုလုပ်ပေးပါ။
--------------------------------------------------------
၈။ ပေါင်ရှေ့ကြွက်သားလေ့ကျင့်ခန်း
ပေါင်ရှေ့ကြွက်သားသန်မာတာက ဒူးခေါင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေနိုင်ပါတယ်။ ဒီကြွက်သားတွေက ဒူးခေါင်းရွေ့လျားမှုကို ထိန်းချုပ်ပေးပါတယ်။ ပေါင်ရှေ့ကြွက်သားတွေ အားနည်းတာကြောင့် ဒူးခေါင်းပြဿနာ မျိုးစုံဖြစ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက ဒူးခေါင်းပေါ် ဖိအားသက်ရောက်မှု အနည်းဆုံးဖြစ်ပြီး ပေါင်ရှေ့ကြွက်သား၊ ပေါင်နောက်ကြွက်သားနဲ့ ဝမ်းဗိုက်ကြွက်သားတွေ သန်မာစေနိုင်ပါတယ်။ ဒူးနာဝေဒနာရှိသူနဲ့ တခြားဒူးပြဿနာတွေအတွက်လည်း အသုံးဝင်ပါတယ်။
ပြုလုပ်နည်း ►
၁။ ပက်လက်အိပ်ပါ။
၂။ ခြေဖဝါးကို ကြမ်းပြင်နဲ့ ထိပြီး ဒူးနှစ်ချောင်းကို ၉၀ ဒီဂရီ ခန့် ရအောင် ဒူးထောင်ပါ။
၃။ ကြမ်းပြင်ပေါ်မှာ သင့်တင်ပါးကို တဖြည်းဖြည်း မ,နိုင်သလောက် မ,တင်ပါ။ ခါးမကော့ရပါ။
၄။ ဒီအနေအထားအတိုင်း ၂-၄စက္ကန့် အထိထားပါ။
၅။ တစ်ခါလုပ်ရင် ၈-၁၀ ကြိမ်အထိ တစ်ပတ်ကို နှစ်ခါ ဒါမှ မဟုတ် သုံးခါပြုလုပ်ပေးပါ။
-----------------------------------------------------
၉။ နံရံမှီ ဆောင့်ကြောင့်ထိုင်လေ့ကျင့်ခန်း
ဆောင့်ကြောင့်ထိုင် လေ့ကျင့်ခန်းတွေက ဒူးခေါင်း ဘယ်လောက် သန်မာသလဲ၊ ဘယ်လောက်အားနည်းလဲ ဆိုတာကို တိုင်းတာနိုင်တဲ့ အကောင်းဆုံးသော လေ့ကျင့်ခန်းပါ။ နံရံမှီပြီး ဆောင့်ကြောင့်ထိုင်တာက လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ဒူးခေါင်းပေါ် ဖိအားသက်ရောက်မှု လျော့နည်းနိုင်တဲ့အတွက် ဒူးနာဝေဒနာ ခံစားနေရသူတွေအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးသော လေ့ကျင့်ခန်းပါ။
ပြုလုပ်နည်း ►
၁။ နံရံကို မှီပြီး မတ်တတ်ရပ်ပါ။ သင့်ခြေဖဝါးနှစ်ဖက်ကို တင်ပါးအကျယ်လောက် ခွဲထားပါ။
၂။ နောက်ကျောနဲ့ တင်ပါးကို နံရံနဲ့ ကပ်ထားပြီး သင်ရဲ့ ဒူးခေါင်းကို တဖြည်းဖြည်း ကွေးပါ။
၃။ ဒီအနေအထားအတိုင်း ၅-၁၀ စက္က်န့်ထားပါ။ အရမ်း မကွေးဘဲ သင့်ဒူးခေါင်းမှာ ဖိအားသက်ရောက်မှုကို ခံနိုင်လောက်တဲ့အထိသာ ကွေးပါ။
၄။ ဝမ်းဗိုက်ကြွက်သားတွေကို တင်းပြီး နံရံကို သင့်နောက်ကျောနဲ့ လျှောတိုက် ပြန်မတ်ပါ။
၅။ ထပ်မံပြုလုပ်တဲ့အခါတိုင်း ထိုင်တဲ့ပုံစံအနေအထားကို တစ်ကြိမ်ထက်တစ်ကြိမ် နည်းနည်းကြာကြာထားပါ။
#Tips
သင့်တင်ပါးကို ဒူးခေါင်းအောက်အထိ ရောက်အောင် နှိမ့်မချလိုက်ပါနဲ့။
----------------------------------------------------
၁၀။ ခြေသလုံးကြွက်သား လေ့ကျင့်ခန်း
ခြေသလုံးကြွက်သားတွေက ဒူးခေါင်းကို ထောက်ပံ့ပေးတဲ့အပြင် ဒူးခေါင်း ကွေးနိုင်ဆန့်နိုင်အား ကောင်းမွန်စေပြီး ဒူးနာဝေဒနာသက်သာစေနိုင်ပါတယ်။ ခြေသလုံးကြွက်သားတွေက ခြေထောက်နောက်ဘက်မှာ အုပ်စုနှစ်ခုရှိပါတယ်။ ခြေသလုံး ကြွက်သားတွေ တင်းမာပြီး နာကျင်နေတာက ဒူးခေါင်းဒဏ်ရာ ရရှိစေနိုင်ပါတယ်။ ဒါကြောင့် ဒူးနာတာ ဒါမှမဟုတ် ဒူးမှာ ဒဏ်ရာမရအောင် ခြေသလုံးကြွက်သားတွေပျော့ပျောင်းဖို့ ဆွဲဆန့်လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ လိုပါတယ်။

ပြုလုပ်နည်း ►
၁။ ထိုင်ခုံနောက်မှီတစ်ခုကို သင့်လက်နဲ့ ထိန်းပြီး မတ်တတ် ရပ်ပါ။
၂။ ညာဘက်ခြေထောက်ကို ကွေးပါ။
၃။ ဘယ်ဘက်ခြေထောက်ကို နောက်တစ်လှမ်းဆုတ်ပါ။
၄။ ဘယ်ဘက်ခြေထောက်ကို ဖြည်းဖြည်းချင်း ဆန့်တန်းလိုက်ပါ။
၅။ ဘယ်ဘက်ခြေဖနောင့်ကို ကြမ်းပြင်ပေါ် ဖိထားပါ။
၆။ ဒီအနေအထားအတိုင်း စက္ကန့် ၂၀ ထားပါ။
၇။ နှစ်ကြိမ်ပြုလုပ်ပြီး နောက်တစ်ဖက် ပြောင်းလုပ်ပါ။

#ဒေါက်တာခင်မိုးမိုး
Good Health Journal 623

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်စီးပြည်နယ် ရှီအန်းမြို့ရှိ ကျောင်းသား တစ်စုက မြို့အတွင်း၌ ဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုပမာဏကို သတိပေး ရန် ကျောင်းဝင်းအတွင်းရှိ ကျောက်ခြင်္သေ့ ရုပ် ၈၀၀ ကို မျက်နှာဖုံးများ တပ်ဆင်ပေး ထားခဲ့ကြသည်ဟု သိရသည်။ ကျောင်း သားများက လေထုညစ်ညမ်းမှုပမာဏကို လျှော့ချနိုင်ရန် အာဏာပိုင်များဘက်မှ ထိ ထိရောက်ရောက် လုပ်ဆောင်လာရေး အတွက် လှုံ့ဆော်ခဲ့ကြခြင်းဖြစ်သည်။ ရှီအန်း အနုပညာသင်တန်းကျောင်းမှ ဗီဒီယိုနှင့်Animation ဘာသာရပ်များကို အဓိက အထူးပြုသင်ယူလျက်ရှိသော လီဝမ်တောင်က အတန်းဖော်များကို ဦးဆောင် ၍ အွန်လိုင်းမှတစ်ဆင့် မျက်နှာဖုံး ၁၀၀၀ ကို ဝယ်ယူခဲ့ကြသည်။ ခြင်္သေ့ရုပ်များ အားလုံးတွင် မျက်နှာဖုံးများ တပ်ဆင်ပေး ရန် တစ်နာရီကြာ အချိန်ယူခဲ့ကြရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ရှီ အန်းမြို့၌ မြူခိုးများ ဆိုးဆိုးရွားရွား ဖုံး အုပ်လျက်ရှိပြီး ပင်လယ်ကမ်းခြေမြို့လေး ဖြစ်သော ရှီအန်းမြို့တွင် ယင်းကဲ့သို့ လေ ထုညစ်ညမ်းမှုပမာဏကို ပထမဆုံးအ ကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။ ရှီအန်းမြို့ သာမက တရုတ်နိုင်ငံ မြောက်ပိုင်းတစ်ခု လုံးသည် ဆောင်းဝင်ချိန်မှစ၍ မြူခိုးများ ထူထပ်စွာကျဆင်းနေပြီး တရုတ်မီဒီယာ များက မြူခိုးရာသီဟုပင် ခေါ်ဆိုနေကြပြီ ဖြစ်သည်။ ပြီးခဲ့သည့်အပတ်က ဘေဂျင်း၊ ထန်ကျန်းနှင့် တိုင်ယွမ်မြို့ကြီးများတွင် အာဏာပိုင်များက လေထုညစ်ညမ်းမှုအ တွက် လိမ္မော်ရောင်အဆင့်သတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရသည်။
Ref : DM, 17.12.2016

ကမ္ဘာပေါ်တွင် ၇၃ နိုင်ငံမြောက် ဇီကာ တွေ့ရှိမှု မှတ်တမ်းဝင်သွားပြီဖြစ်သော မြန်မာနိုင်ငံတွင်း ပထမဦးဆုံးအကြိမ် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသည့် အသက် ၃၂ နှစ်အရွယ် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီးကို 

ရန်ကုန်မြို့တွင် အောက်တိုဘာလ ၂၇ ရက်က တွေ့ရှိခဲ့ရပြီးနောက် နေအိမ်တွင်ပင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့က ဒီလူနာကို ဆေးရုံတွေမှာ မထားပါဘူး။ နိုင်ငံတကာမှာလည်း ဇီကာကို ကျင့်သုံးနေတဲ့ ပေါ်လစီအရပါ။ ဆေးရုံတက်ဖို့ လိုတယ်ဆိုရင်တော့ ကျွန်တော်တို့ တင်မှာပါ။ ရောဂါ လက္ခဏာ ပြင်းထန်တယ် ဆိုရင်
တော့ ကျွန်တော်တို့ တင်မှာ ဖြစ်ပါတယ်။ အခု ဖြစ်တဲ့ လူနာက ဖျားတာတောင် မရှိပါဘူး။ ခန္ဓာကိုယ်မှာ အနီစက်တွေ ထွက်တာ၊ ကြွက်သားနာကျင်တာ၊ အဆစ်အမျက်တွေ နာကျင်တာ ဖြစ်ပါတယ်။ အဲ့ဒီလောက်ပဲ ဖြစ်တဲ့အတွက်
ဆေးရုံမတင်ပါဘူး။ အဓိကက သူ့ဆီက ရောဂါပြန်ပြီးတော့ မပျံ့အောင် အိမ်မှာပဲ နေဖို့ ညှိနှိုင်းထားပါတယ်” ဟု အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ကူးစက်ဆရာဝန်
ဒေါက်တာထူးမြင့်ဆွေက ဆိုသည်။
ဇီကာနှင့် ပတ်သက်၍ ကူးစက်ခံရသူ အမျိုးသမီးကိုယ်တိုင်ပင် သိရှိထားပြီး ကျန်းမာရေးဌာနသို့ ကိုယ်တိုင်သတင်းပေးပို့လာခြင်း ဖြစ်ကြောင်း၊ သွေးနှင့်ဆီးကို စစ်ဆေးသည့်အခါ ဇီကာရောဂါပိုးကို တွေ့ရခြင်း ဖြစ်ပြီး အဆိုပါ
အမျိုးသမီး၏ လင်ယောက်ျားတွင်မူ တွေ့ရခြင်း မရှိကြောင်း ယင်းက ရှင်းပြသည်။ “ဒီရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေ အများကြီး စိုးရိမ်ထိတ်လန့်ဖို့ မလိုပါဘူး။ ဒီဟာက အေဒီးစ် ခြင်ကျားကိုက်တာက ပြန်ကူးတာ ဖြစ်တဲ့အတွက်
အဲ့ဒါအပြင် တခြား နာမည်ကြီး သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေးတို့ စတာတွေ သယ်ဆောင်တဲ့ ပိုးနဲ့ အတူတူပဲ။ ပြည်သူလူထုအနေနဲ့ ခြင်ကိုက်မခံရအောင် အဓိက နေရမယ်။ ခြင်နှိမ်နင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရမယ်။
ခြင်ရဲ့ ငယ်ဘဝက ပိုးလောက်လမ်း ဖြစ်တဲ့အတွက် ပိုးလောက်လမ်း နှိမ်နင်းရပါမယ်။ နှိမ်နင်းတဲ့အခါမှာ တက်တက်ကြွကြွနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုပါတယ်”ဟု ဒေါက်တာထူးမြင့်ဆွေက ဆိုသည်။
ဇီကာရောဂါ တွေ့ရှိရသော အမျိုးသမီးသည် ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်ထားသည့်အတွက် သွားခဲ့သော နေရာ အသေးစိတ်ကို မှတ်သားကာ လူနာရှာဖွေရေးလုပ်ငန်းများနှင့် ပိုးလောက်လမ်း နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ ရောဂါဖြစ်ပွားနိုင်မှု အများဆုံး တိုင်းဒေသကြီးအဖြစ် ခရီးသွား အများဆုံး ဝင်ရောက်ရာ ရန်ကုန်တိုင်းဒေသကြီးကို သတ်မှတ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပိုးလောက်လမ်း ရှိ မရှိ အိမ်တွင် စစ်ဆေးခြင်း၊ နှိုးဆော်ခြင်းတို့ကိုသာ ဆောင်ရွက်နိုင်ပြီး ပြည်သူလူထုကိုယ်တိုင် ကိုယ့်အိမ်၊ ကိုယ်ခြံအတွင်း ပိုးလောက်လမ်း ရှိ မရှိ စစ်ဆေးကာ
ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကို ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ခြင်ကိုက်မခံရအောင် နေရန် လိုအပ်ကြောင်း၊ အမျိုးသားက ဇီကာရောဂါ ဖြစ်ပွားသည့် နိုင်ငံမှ ပြန်လာခြင်း သို့မဟုတ် လက္ခဏာများ တွေ့ရှိပါက လိင်မှတစ်ဆင့် မကူး
စက်စေရန် ကွန်ဒုံးသုံးစွဲရန် လိုအပ်ကြောင်း၊ ကူးစက်ခံရပါကလည်း ဆေးမြီးတိုများကို မသောက်သုံးသင့်ဘဲ ပါရာစီတမောကဲ့သို့ ဆေးများကို သောက်သုံးနိုင်ကြောင်း၊ ဇီကာရောဂါ ကူးစက်ခံရသည့် ကိုယ်ဝန်ဆောင်တိုင်း ခေါင်းသေးသည့်
ကလေးငယ်များ မွေးဖွားမည်ဟု ကံသေကံမ ပြော၍ မရကြောင်းလည်း သိရသည်။
ရောဂါပိုးကူးစက်ခံရသော နိုင်ငံများမှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံတို့ ဖြစ်ပြီး စင်ကာပူနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးမှာ ယင်းရောဂါပိုး ကူးစက်ခံခဲ့ရကာ ထိုင်းနိုင်ငံတွင်လည်း မြန်မာအမျိုးသမီး ကိုယ်ဝန်ဆောင်တစ်ဦး ကူးစက်ခံခဲ့ရသည်။ ဇီကာဗိုင်းရပ်ကူးစက်ခံရသူမှာ ကိုယ်အပူချိန်တက်ခြင်း၊ အရေပြားယားယံခြင်း၊ ခန္ဓာကိုယ်တွင် အနီစက်များ ထွက်ခြင်း၊ မျက်လုံးနီခြင်း၊
ခန္ဓာကိုယ် ကိုက်ခဲခြင်းနဲ့ ခေါင်းကိုက်ခြင်း အစရှိသော လက္ခဏာများ ပြသကြောင်း သိရသည်။လက်ရှိတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ နယ်စပ်ဝင်ပေါက်များနှင့် သင်္ဘောဆိပ်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက
ဇီကာရောဂါနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်နေပြီး ကျောင်းများတွင် ခြင်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေကာ ဇီကာရောဂါ လက္ခဏာရှိသူကို တွေ့ရပါက ထားရှိရန် နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်မြို့နှင့်
မန္တလေးမြို့တို့တွင် ဆေးရုံများကို ပြင်ဆင်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ လဆန်းပိုင်းက ကိုယ်ဝန်ဆောင်မိခင်များ သတိထား ခရီးသွားလာသင့်သည့် အရှေ့တောင် အာရှနိုင်ငံများ စာရင်းကို အမေရိကန်နိုင်ငံမှ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာ
(ဃီဃ) မှ ထုတ်ပြန်ခဲ့ရာ အဆိုပါစာရင်းတွင် မြန်မာနိုင်ငံအပါအဝင် အရှေ့တီမောနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မော်လ်ဒိုက်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့်
ဗီယက်နမ်နိုင်ငံတို့ ပါဝင်နေခဲ့သည်။

#ထက်အောင်ဖြိုး
Good Health Journal 614

အရေပြားလေးဖက်နာရောဂါရှိသူများအနေဖြင့် ရောဂါကုသနေစဉ်အတွင်း သားသမီးမယူသင့်ဘဲ ပဋိသန္ဓေတား ဆေးသုံးစွဲထားသင့်ကြောင်း ခုတင် ၅၀၀ ဆံ့အထူးကုဆေးရုံကြီး အရိုး၊ အကြော၊ အဆစ်ဌာနမှ အထူးကုဆရာဝန် ဒေါက် တာချိုမာလွင်က ပြောကြားခဲ့သည်။“အရေပြားလေးဖက်နာရောဂါအတွက် ဆေးသောက်နေရတဲ့ ကာလမှာ တချို့ဆေးတွေက သန္ဓေသားကို ဒုက္ခပေးတတ်တာမို့ ကိုယ်ဝန်တားထားရပါမယ်။ ကလေးယူချင်ရင် ဆရာဝန်နဲ့တိုင် ပင်ပြီး ဆေးတွေ အပြောင်းအလဲလုပ်ပြီးမှ ယူရပါမယ်။ ရောဂါပြင်းထန် နေချိန်မှာတော့ ကလေးရော လူကြီးပါ အန္တရာယ်ရှိနိုင်တာမို့ ကိုယ်ဝန်တားထားရပါမယ်”ဟု ဆရာမက ရှင်းပြခဲ့သည်။

အရေပြားလေးဖက်နာရောဂါသည် ကိုယ်တွင်းအင်္ဂါများစွာကို ထိခိုက်နိုင်သောကြောင့် ရောဂါရှာဖွေခြင်းကိုအများကြီး ပြုလုပ်ရကြောင်းနှင့် ပတ်သက်ပြီး “ကိုယ်တွင်းကလီစာတွေ အများကြီးကို ထိခိုက်တတ်တဲ့ ရောဂါမို့လို့ စမ်းသပ် စစ်ဆေးမှုတွေ အများကြီး လုပ်ရပါတယ်။ သွေးစစ်တာ၊ ဆီးစစ်တာ၊ ဓာတ်မှန်ရိုက်တာ၊ TV ဓာတ်မှန် (Ultrasound) ရိုက်တာ၊ လိုအပ်ရင် ကျောက်ကပ်အသားစယူတာ၊ အဆုတ်နဲ့ နှလုံးမှာ ရေဝိုင်းနေရင် ဖောက်ထုတ်စစ်ဆေးတာ၊ ရိုးတွင်းခြင်ဆီ နမူနာယူပြီး စစ်ဆေးတာ၊ ခါးကနေ ပင်မအာရုံကြောပတ်လည်မှာရှိတဲ့ အရည်ကို ဖောက်ထုတ်စစ်ဆေးတာ၊ ကွန်ပျူတာ ဓာတ်မှန် (CT Scan)၊ သံလိုက်ဓာတ်မှန် (MRI)ရိုက်တာတွေလည်း လုပ်ရတတ်ပါတယ်”ဟု သိရသည်။

အရေပြားလေးဖက်နာရောဂါကို ကုသမှုနောက်ကျခဲ့ပါက နောက်ဆက်တွဲ ဖြစ်နိုင်သော ဆိုးကျိုးများအကြောင်းကို “နောက်ကျမှဆေးကုမိတာကြောင့် ခန္ဓာ် ကိုယ်ရဲ့ အစိတ်အပိုင်းတချို့ပျက်စီးသွားတတ်တာတွေရှိပါတယ်။ အဖြစ်အများဆုံးက ကျောက်ကပ်ပျက်စီးတာပါ။ ကျောက်ကပ်ပျက်စီးမှု သိပ်များသွားရင် ဆေးနဲ့ပဲ ကုလို့ မရတော့ပါဘူး။ တစ်သက်လုံး ကျောက်ကပ်သွေးသန့်စင်စက် (Dialysis) သုံးရတာ သို့မဟုတ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသတာတွေ လုပ်ရပါတယ်။ အမြင်အာရုံကြောရောင်ပြီး မျက်စိကွယ်သွားပြီဆိုရင်လည်း ပြန်မကောင်းနိုင်တော့ပါဘူး။ ဦးနှောက်သွေး ကြောရောင်ပြီး ကိုယ်တစ်ခြမ်းသေ၊ လေဖြတ်တာ၊ အာရုံကြောမကြီးရောင်ပြီး ကိုယ်အောက်ပိုင်းသေတာ၊ အဆုတ်ရောင်ပြီး အဆုတ်ခြောက်သွားတာတွေကလည်း တချို့တွေမှာ ပြန်မကောင်းတတ်ပါဘူး။ နှလုံးရောင်ပြီး နှလုံးခုန် မမှန် တာမျိုးဆို ရုတ်တရက်အသက်ဆုံးရှုံးတတ်ပါတယ်””ဟု ဒေါက်တာချိုမာလွင်က ပြောကြားခဲ့သည်။

အရေပြားလေးဖက်နာရှိသူတို့ ဆင်ခြင်သင့်တာတွေနဲ့ ပတ်သက်ပြီး “အရေပြားလေးဖက်နာရောဂါမှာ အရေးကြီးတာကတော့ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် ရှောင်ဖို့ပါ။ နေပူထဲလိုအပ်လို့သွားရမယ်ဆိုရင် ခြေလက်ခန္ဓာကိုယ် ကို လုံခြုံအောင်ဖုံးနိုင်တဲ့ အဝတ်အစားတွေဝတ်၊ ဦးထုပ်၊ ခမောက်၊ ထီးဆောင်းတာတွေလုပ်သင့်ပါတယ်။ SPF 15 ပါတဲ့ အလှဆီ(Lotion)တွေ လိမ်းသွားသင့်ပါတယ်။ ဒီလိုရောဂါရှင်တွေမှာ နှစ်ကြာလာရင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်တတ်တာမို့ အဆီများတဲ့ အစားအသောက်တွေ ရှောင်သင့်ပါတယ်။ ဖောရောင်နေတဲ့ လူနာတွေကတော့ Sodium များတဲ့ ငန်တဲ့ အစားအသောက်တွေ၊ ဆော်ဒါပါတဲ့ အစားအသောက်တွေ၊ အချိုမှုန့် ပါတဲ့ အစားအသောက်တွေ၊ အာလူးကြော်ထုပ်တွေကို ရှောင်သင့်ပါတယ်။ ဖောရောင်တာများနေရင် ရေလည်း လျှော့သောက်ရပါတယ်။ ရောဂါထိန်း ဆေးသောက်နေရတဲ့ လူနာတွေမှာ ကိုယ်ခံစွမ်းအားမကောင်းတာမို့ ဝမ်းလျှောဝမ်းပျက်မဖြစ်ရအောင် ယင်နားစာ၊ လက်လုပ်ချဉ်နဲ့ မသန့်ရှင်းဘူးလို့ ထင်ရတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ ကိုယ်ခံစွမ်းအားကောင်းအောင် ကိုယ်တိုင်လည်းအိပ်ရေး၀အောင် အချိန်မှန်အိပ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစား၊ အဝလွန်အပိန်လွန်တာမဖြစ်အောင် သင့်တင့်စွာစား၊ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်၊ စိတ်ဖိစီးမှုနည်းအောင်နေ စတာတွေလုပ်ဖို့လိုပါတယ်။ တာရှည်ခံအောင် လုပ်ထားတဲ့ အစားအသောက်တွေ ဆိုးဆေးပါတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်”ဟု ရှင်းပြခဲ့သည်။

ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်သော အချက်များကိုလည်း ဆရာမက ယခုလို ပြောပြခဲ့သည်။
“အရေပြားလေးဖက်နာရောဂါက ဖြစ်ဖို့အကြောင်းတွေ တိုက်ဆိုင်လာရင်တော့ ဖြစ်မှာပါပဲ။ ကြိုတင်ကာကွယ်လို့ မရပါဘူး။ ဒါပေမဲ့ အစားအသောက်၊ပတ်ဝန်းကျင် အခြေအနေတွေက အရေပြားလေးဖက်နာရောဂါဖြစ်အောင် တွန်းအားပေးတတ်တာမို့ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် ရှောင်တာ၊ အစားအသောက်အနေနဲ့ အရောင်ဆိုးထားတဲ့ အစားအသောက်၊ တာရှည်ခံအောင်လုပ် ထားတဲ့အစားအသောက်၊ ဆီကြော်မုန့် စတာတွေကို ရှောင်သင့်ပါတယ်။ ကျွန်မရဲ့ ကိုယ်တိုင်အမြင်ကို ပြောရရင်တော့ အတတ်နိုင်ဆုံး အိမ်မှာ ချက်ပြုတ်ပြီးပဲ စားသင့်ပါတယ်။ အပြင်မှာ စားရင် ဆီမသန့်တာ၊ အရောင်ဆိုးထားတဲ့ နနွင်းမှုန့်၊ ငရုတ်သီး၊ မှိုတက်တဲ့ငရုတ်သီး၊ သေသေ ချာချာရေမဆေးထားလို့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတွေပါလာနိုင်တဲ့ အသီးအရွက်တွေ သုံးတာနဲ့ ကြုံနိုင်ပါတယ်။ ဒီလို အစားအသောက်တွေမှာ ပါလာတဲ့ အဆိပ်အတောက်တွေက DNA လို့ခေါ်တဲ့ ဗီဇပန်းကုံးကို ပြောင်းလဲစေပြီး SLE လို Auto-Immune ရောဂါအပြင် ကင်ဆာရောဂါ အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်”

အများစုမှားယွင်းစွာ လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး ဆရာက ရှင်းပြရာတွင် “တွေ့ရတတ်တဲ့ အမှားတွေကတော့ ရောဂါသက်သာလာတာကို ပျောက်သွားပြီ ထင်ပြီး ကိုယ့်ဟာကိုယ်ဆေးတွေ မသောက်တော့လို့ ရောဂါဆိုးပြီး ပြန်ရောက် လာတတ်ကြပါတယ်။ ဒီရောဂါက နှစ်နဲ့ ချီပြီး စိတ်ရှည်ရှည်နဲ့ ကုရပါတယ်။ ဆေးတွေနဲ့ ထိန်းထားလို့ လူက နေကောင်းနေပေမယ့် ရောဂါနဲ့ အရှိန်က ဆက်ရှိနေတာမို့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေး ဆက်ကုရမှာပါ။ ကျောက်ကပ်ရောင်တဲ့ ဝေဒနာရှင်တွေမှာ ဖောရောင်လာတဲ့အခါ ဆီးများများသွားအောင် ရေများများ သောက်တာတို့၊ တချို့သော အရွက်၊ အပင်တွေ အရည်ကြိုသောက်တာတို့က ပိုဆိုးစေပါတယ်””ဟု သိရသည်။ အရေပြားလေးဖက်နာရောဂါ အပါအဝင် Auto-Immune ရောဂါများကို အရိုးအကြောအဆစ်ဆေးပညာဌာန(Department of Rheumatology)၊ ခုတင် ၅၀၀ ဆံ့ အထူးကု ဆေးရုံကြီးတွင် ပြင်ပလူနာ၊ အတွင်းလူနာများအဖြစ် ကြည့်ရှုကုသပေးနေကြောင်း သိရသည်။

ဒေါက်တာချိုမာလွင် (အရိုးအကြောအဆစ်အထူးကုဆရာဝန်ကြီး)
(Good Health Journal 613)

    ဆရာတို့နိုင်ငံက ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံဖြစ်တာကြောင့် ဖို-မ ဆက်ဆံရေးကို အလေးမပေးကြဘူး၊ ဖွင့်မပြောကြဘူး၊ မကုလိုကြဘူး၊ ဘာသာရေးက အများကြီး ထိန်းချုပ်ထားတာကြောင့်ပါ။ တဖြည်းဖြည်းတော့ အနောက်တိုင်းဆန် လာကြပါတယ်။ ယောက်ျားနဲ့ မိန်းမ အိမ်ထောင်ပြုကြတယ်ဆိုရင် ဖို-မ ဆက်ဆံရေးက ပါလာပါတယ်။ ဒါကို ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ယူဆလာကြပါတယ်။

    ဆရာတို့ ငယ်ငယ်က အဖေနဲ့ အမေတို့ကို ကြည့်တော့ စကားလေးလို ပြောရရင် အကာက အချစ်၊ အနှစ်က မေတ္တာဆိုသလို အနှစ်ကိုပဲ ဦးစားပေးခဲ့ကြတယ်။ အမေဆိုတာ သားသမီးတွေကို ချက်ပြုတ်ကျွေးမွေးတယ်၊ အဖေကို ပြုစုတယ်။ အဖေကလည်း မိသားစုကို စောင့်ရှောက်တယ်၊ အမေက အဖေ့ဆီကနေ ဘာမှ မမျှော်လင့်ဘူး၊ မေတ္တာနဲ့နေကြတယ်၊ ဖို-မ ဆက်ဆံရေးကို အလွန်အမင်း အလေးပေးတာမျိုး မရှိဘူး။ ခုတော့ တဖြည်းဖြည်းနဲ့ အနောက်တိုင်းယဉ်ကျေးမှုတွေ ဝင်လာတယ်၊ စာပေတွေ၊ ရုပ်ရှင်တွေ လွယ်လွယ်ကူကူ ရလာတယ်။ ဒါကြောင့် ဒီခေတ် ဇနီးမောင်နှံတွေက ဖို- မ ဆက်ဆံရေးကို အလေးပေးလာကြတယ်။ ပြောရရင်တော့ အကာဖြစ်တဲ့ အချစ်ကို ပိုပြီး ဦးစားပေးလာတယ်။ မေတ္တာက ဒုတိယဦးစားပေး ဖြစ်သွားတယ်။ အမှန်တကယ် မေတ္တာက အကောင်းဆုံးမို့ ပထမဦးစားပေးဖြစ်ရမှာ။ ဆရာနဲ့ ဆရာ့ဇနီးဆိုရင် သူငယ်ချင်းလေးလို၊ အဖော်လေးလို မေတ္တာကို ဦးစားပေးပြီး ဘာဖြစ်ဖြစ် ခွင့်လွှတ်တယ်၊ တစ်ယောက်နဲ့တစ်ယောက် စောဒကတက်တာ မရှိဘဲ သည်းခံတယ်။ နားလည်မှုပေးကြတယ်။

    အမျိုးသားအင်အားနည်းလာတာ (ပန်းသေပန်းညှိုး)၊ လိင်ဆက်ဆံတဲ့အခါ ပြီးမြောက်အောင် မဆက်ဆံနိုင်တာ၊ သုက်ကို မထိန်းနိုင်တာ(သုက်လွှတ်စောတာ) စတဲ့စကားလေးတွေကို လူနာတွေဆီကနေ ကြားလာရပါတယ်။ ဒါက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဆေးတွေလည်း ပေါ်ခဲ့သလို အထူးကုဆရာဝန်ကြီးတွေကလည်း ကုသပေးခဲ့ကြပါတယ်။ ငယ်ရွယ်တဲ့ စုံတွဲတွေမှာ ဖို-မ ဆက်ဆံရေးကို ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင် ဆက်ဆံနိုင်ကြရင် အိမ်ထောင်ရေးသုခကို ပိုပြီး ရနိုင်ပါတယ်။ ဆရာဝန် ရှုထောင့်ဘက်က ကြည့်မယ်ဆိုရင်လည်း မှားတယ်လို့ မဆိုနိုင်ပါဘူး။ သူများနိုင်ငံတွေမှာ ၁၀၀ မှာ အယောက် ၄၀ လောက်က ဒီပြဿနာတွေကို မသိမသာ ခံစားနေရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သူတို့မှာ အလုပ်များတာ၊ ဆရာဝန်နဲ့ ပြသဖို့ မဝံ့မရဲဖြစ်တာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်ဆီ မပြဖြစ်ဘဲ ရှိပါတယ်။ ဒီလူနာတွေကို မျိုသိပ်စွာခံစားနေရတဲ့လူနာတွေလို့ ပြောကြပါတယ်။

အဖြစ်များသူ
ဖို-မ ဆက်ဆံရေးက စိတ်ပိုင်းဆိုင်ရာနဲ့ အလွန်သက်ဆိုင်ပါတယ်။ ယောက်ျား အင်အား အားနည်းတာ၊ သုက်ကို မထိန်း နိုင်တာတွေက စိတ်ဖိစီးမှု များတဲ့သူတွေ မှာ အဖြစ်များပါတယ်။ အလုပ်မှာ စိတ်ဖိ စီးမှုတွေ များတာ၊ အိမ်ထောင်ရေး အဆင်မပြေလို့ စိတ်ဖိစီးတာ၊ အရက်၊ ဆေးလိပ်သောက်သုံးတာ၊ အဲဒီလို လူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါက ရောဂါမရှိဘဲဖြစ်တာ၊ ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာ မလုပ်ခင်မှာ စိတ်ပိုင်းဆိုင်ရာက ဆန္ဒတွေက ရှိမှသာ ခန္ဓာကိုယ်က လုပ်နိုင်မှာပါ။ စိတ်ဖိစီးမှု များလွန်းလို့ စိတ်ပိုင်းဆိုင်ရာ အားနည်းသွားတာရှိသလို၊ ရောဂါရှိလို့ ဥပမာ-သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ စတာတွေရှိတဲ့အခါ ခန္ဓာကိုယ်ကကို သူများလောက် မကျန်းမာတော့ ဒီစိတ်လေး က အားနည်းတတ်ပါတယ်။ တချို့လည်း ဖို-မ ဆက်ဆံရေးကောင်းစေတဲ့ဆိုတဲ့ ဆေးတွေ၊ ဝါးတွေ လျှောက်သောက်တာကြောင့်၊ တချို့လည်း သောက်သုံးရတဲ့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရပြီး ဒီစိတ်တွေ အားနည်းသွားတာ ရှိပါတယ်။

အမျိုးသားအင်အာနည်းခြင်းအတွက် ဆေးဝါးမပါသော ကုသခြင်း
စိတ်ပိုင်းဆိုင်ရာ ဖို-မ ဆက်ဆံရေးကောင်းမွန်စေဖို့ ဆေးဝါးမပါဘဲ ကုသနည်းတွေ ပေါ်ပါတယ်။ ယောက်ျားရော၊ မိန်းမပါ နှစ်ယောက်စလုံးကို ခေါ်ပြီး ဘယ်အရာတွေက ဖို-မ ဆက်ဆံရေးကို ထိခိုက်စေတာလဲဆိုတာ မေးမြန်းပါတယ်။ နေရာကကော ဖို-မ ဆက်ဆံရေးအတွက် သင့်တော်တဲ့နေရာဖြစ်ရဲ့လား။ တချို့လည်း သားသမီးတွေ အများကြီးနဲ့မို့ လွတ်လွတ်လပ်လပ် မနေရလို့လား၊ ဒါဆိုရင်တော့ အားလပ်ရက်မှာ တစ်နေရာရာကို ခရီးထွက်ခိုင်းပြီး လင်မယားနှစ်ယောက် အတူနေခိုင်းရင် ဖို-မ ဆက်ဆံရေးအနေအထားက ပိုကောင်းလာတာ တွေ့ရတယ်။ စာအုပ်တွေ၊ ရုပ်ရှင်တွေ ဖတ်ခိုင်း၊ ကြည့်ခိုင်းပြီးလည်း ဒီစိတ်တွေ ဖြစ်ပေါ်လာအောင် လုပ်ပေးလို့ရတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာရှိရင်လည်း စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြသပြီး ကုသမှု ခံယူလိုက်ရင် တချို့လည်း အဆင်ပြေသွားကြတယ်။ တချို့လည်း အနားယူခိုင်းတယ်၊ သင့်တော်တဲ့ အားဆေးလေးပေးဖို့ လိုအပ်ရင် ပေးရတယ်။ ဒီလိုတွေ လုပ်ပေးလိုက်ရင် ဖို-မ ဆက်ဆံလိုစိတ်နဲ့ သုက်ထိန်းအားကို ကောင်းမွန်စေပါတယ်။

အသက်အရွယ်
အမျိုးသားအင်အားနည်းလာတာက အသက်အရွယ်နဲ့ သက်ဆိုင်ပါတယ်။ ငယ်ရွယ်သူတွေမှာ အဖြစ်နည်းပါတယ်။ သက် ၅၀ ကျော်လာရင် သဘာဝအရ ဖို-မ ဆက်ဆံလိုစိတ်တွေ နည်းလာပါတယ်။ အသက် ၆၀-၇၀ ကျော်ရင် တချို့လင်မယားတွေဆိုရင် သူငယ်ချင်းလိုပဲ ချစ်သွားပြီး ခုတင်တောင် ခွဲအိပ်တာမျိုးတွေ ရှိတယ်။ အသက် ၆၀ ကျော်လာရင် သားရေး၊ သမီးရေးကိစ္စတွေ စဉ်းစားရတာ၊ မြေးတွေနဲ့ အချိန်ကုန်ရတာ၊ တရားထိုင်တာ၊ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကလည်း ငယ်ငယ်ကလောက် မစွမ်းနိုင်တော့တာ၊ ဒါကတော့ ဖို-မ ဆက်ဆံရေး အားနည်းတာ၊ သုက်လွှတ်စောတာကတော့ အသက်ငယ်တဲ့သူတွေမှာ အဖြစ်များတယ်။ လူငယ်တွေမှာ အဖြစ်များမှပဲ စိတ်ညစ်ကြတာ။ ဖို-မ ဆက်ဆံရေးအား မနည်းဘဲနဲ့ ဖြစ်ကြတာ။

သုက်လွှတ်စောခြင်း
    သုက်လွှတ်စောတယ် ဆိုတာက ယောက်ျားနဲ့ မိန်းမက ဖို-မ ဆက်ဆံတဲ့အခါ တစ်မိနစ်လောက် မထိန်းနိုင်တာကို သာမန်အားဖြင့် သုက်လွှတ်စောတယ်လို့ သတ်မှတ်ပါတယ်။ တစ်မိနစ်ထက် နည်းသွားရင်တော့ သုက်ထိန်းအားနည်းတယ်၊ သုက်လွှတ်စောတယ်လို့ ဆေးပညာမှာ ဒီလိုပဲ သတ်မှတ်ပါတယ်။

အမျိုးသားအင်အားနည်းခြင်းနှင့် သုက်လွှတ်စောခြင်း
ဖို-မ ဆက်ဆံရေး အားနည်းတဲ့သူတွေမှာတော့ သုက်လွှတ်စောတာ ပြောစရာကို မလိုတာပါ။ ဘာလို့လဲဆိုတော့ ဖို- မ ဆက်ဆံရေးဆိုတာက စိတ်အရင်လာရတယ်။ နဂိုကတည်းက စိတ်မလာတဲ့သူကိုတော့ စိတ်လာအောင် ဆေးပေးလိုက်ရင်လည်း သုက်လွှတ်စောနဲ့က ဆက်စပ်နိုင်ပါတယ်။

သုက်လွှတ်စောသူ
သုက်လွှတ်စောတာ ဖြစ်နိုင်သူတွေက စိတ်ဖိစီးမှုများသူတွေ၊ တချို့လည်း ဖို-မ ဆက်ဆံလိုစိတ်က သိပ်အားပြင်းပြီး မထိန်းနိုင်တာ၊ စိတ်ဓာတ်ကျသူတွေ၊ စိတ်မြန်သူတွေ စတာတွေမှာ တွေ့ရပါ တယ်။ ရောဂါကြောင့်တော့ သုက်လွှတ်မြန်တာ ဖြစ်ခဲပါတယ်။

သုက်လွှတ်စောခြင်းအတွက် ကုသခြင်း
သုက်လွှတ်စောတာအတွက် ဆေးဝါး မဟုတ်တဲ့ ကုသမှုတွေအနေနဲ့ အမျိုးသားရဲ့လိင်တံထိပ်ကို ထုံသွားအောင် ထုံဆေးလေး လိမ်းပေးပါတယ်။ ထုံမှု၊ သိမှု အရမ်းများလို့ သုက်လွှတ်မြန်တာကြောင့်ပါ။ နောက်တစ်နည်းက ဖို-မ ဆက်ဆံနေချိန်မှာ သုက်လွှတ်တာ မြန်တယ်ဆိုရင် မပြီးမြောက်ခင် ထုတ်ပြီး လိင်တံထိပ်ကို ညှစ်ပေးပါ။ သုက်မထွက်အောင် အဲဒီလို လုပ်ပြီး လေ့ကျင့်ပေးပါ။ ဒါက ပထမအစမှာ လေ့ကျင့်ပေးရပါတယ်။ ဒါနဲ့ မရမှသာ ဆေးဝါးတွေ သုံးပြီး ကုသပေးပါတယ်။ ဆေးဝါးတွေကိုတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။

ပါမောက္ခဒေါက်တာဦးသန်းအေး (ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီး)
Good Health Journal 613

More Articles ...