ဟာရီကိန်းဟာဗေးဒုက္ခသည်များအတွက် ဟောလီဝုဒ်မင်းသမီး ဆန်ဒရာဘူးလော့ခ် ဒေါ်လာတစ်သန်းလှူဒါန်း

Entertainment

ဟောလီဝုဒ်အကျော်အမော်မင်းသမီး ဆန်ဒရာဘူးလော့ခ်က အမေရိကန်ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ်၊ ဟူစတန်မြို့က ဟာရီကန်းဟာဗေးဒုက္ခသည်တွေအတွက် ဒေါ်လာ တစ်သန်းလှူဒါန်းလိုက်ပါတယ်။ မုန်တိုင်းဒဏ်သင့်ဟူစတန်ဒုက္ခသည်တွေအတွက် ရည်ရွယ်ပြီး အမေရိကန်ကြက်ခြေနီအဖွဲ့ကို လှူဒါန်းပေးခဲ့ တာပါ။

ဟာရီကိန်းဟာဗေးကြောင့် ဟူစတန်မြို့နေဒေသခံတွေ ထောင်နဲ့ချီဒုက္ခရောက်နေကြရတာဖြစ်ပြီး သေဆုံးသူ ၁၈ဦးထက်မနည်းရှိကာ ရေလွတ်ရာဒုက္ခသည်စခန်းတွေဆီ ပြောင်းရွှေ့နေထိုင်နေရသူ ၁၇၀၀၀ ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ သဒ္ဒါထက်သန်စွာနဲ့ ရက်ရက်ရောရောပေးလှူခဲ့တဲ့ ဆန်ဒရာဘူးလော့ခ်ကို အမေရိကန် ကြက်ခြေနီအဖွဲ့က ချီးမွမ်းဂုဏ်ပြုခဲ့ပြီး သဘာ၀ဘေးအန္တရာယ်ကျရောက်ချိန်မှာ ယခုလိုလှူဒါန်းပါဝင်မှုတွေ၊ အများဝိုင်းဝန်းကူညီမှုတွေ လိုအပ်နေတာဖြစ်တယ်လို့ အမေရိကန်ကြက်ခြေနီအဖွဲ့ရဲ့ဒုဥက္ကဋ္ဌအဲလိဇဘက်ပန်နီ မန်က ဆိုပါတယ်။ ဆန်ဒရာဘူးလော့ခ်အပြင် သရုပ်ဆောင်မင်းသား ဒွိန်းဒီရော့ခ်ဂျွန်ဆင်၊ ဟာသသရုပ်ဆောင် ကီဗင်ဟာ့တ်၊ ကင်ကာဒါရှန်ဝက်စ်နဲ့ ဘီယွန်စေးတို့ကလည်း လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ ကီဗင်ဟာ့တ်က ဒေါ်လာ ၅၀၀၀၀၊ ကင်ကာဒါရှန်ဝက်စ်က ဒေါ်လာ၅၀၀၀၀၀၊ ဒွိန်းဒီရော့ခ်ဂျွန်ဆင်က ဒေါ်လာ ၂၅၀၀ဝနဲ့ ဘီယွန်စေးက သူရဲ့ပရဟိတအဖွဲ့နဲ့လှူဒါန်းရန်ပုံငွေတွေ စုဆောင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဟာရီကိန်းဟာဗေးကြောင့် ဟူစတန်မြို့မှာ ရေ ရှစ်ပေခန့်မြင့်တက်ခဲ့ပြီး ဒေသခံမိသားစုတွေအနေနဲ့ အခက်အခဲ ဖြစ်နေရတယ်လို့သိရပါတယ်။
(Telegraph, 30.8.17)